သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သြစတြေးလျ ဗီယက်နမ် ဆက်ဆံရေး အဆင့်မြှင့်


သြစတေးလျဝန်ကြီးချုပ် Antony Albanese(ဝဲ) နှင့် ဗီယက်နမ်ဝန်ကြီးချုပ် Pham Mihnh Chinh(ယာ) တို့ ဟနွိုင်းမြို့မှာတွေ့ဆုံစဉ်၊ ဂျွန် ၄၊ ၂၀၂၃
သြစတေးလျဝန်ကြီးချုပ် Antony Albanese(ဝဲ) နှင့် ဗီယက်နမ်ဝန်ကြီးချုပ် Pham Mihnh Chinh(ယာ) တို့ ဟနွိုင်းမြို့မှာတွေ့ဆုံစဉ်၊ ဂျွန် ၄၊ ၂၀၂၃

သြစတြေးလျဝန်ကြီးချုပ် အန်တိုနီ အယ်လ်ဘာနီးစ်ရဲ့ နှစ်ရက်ကြာ ဗီယက်နမ်ခရီးစဥ် အတွင်း ဗီယက်နမ်နိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုကိုလျှော့ချနိုင်ရေး ကူညီတဲ့ ဒေါ်လာ ၆၉ ဒသမ ၃ သန်းတန် သဘောတူညီချက်တရပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုနီးကပ်စေဖို့ စိတ်အားထက်သန်ပြီး ဗီယက်နမ်ကို “ထိပ်တန်းမိတ်ဖက်” နိုင်ငံ ဖြစ်လာစေလိုကြောင်း သြစတြေးလျဝန်ကြီးချုပ်က တနင်္ဂနွေနေ့မှာ ပြောပါတယ်။

“တည်ငြိမ် သာယာဝပြောပြီး ကြံ့ခိုင်တဲ့ဒေသရပ်ဝန်ကြီးတခု ဖြစ်လာနိုင်ဖို့နှစ်နိုင်ငံလုံးမှာ ဘုံတူညီတဲ့ ဆန္ဒ ရှိနေပြီး ဗီယက်နမ်နဲ့လက်တွဲရတာကိုကျေနပ်မိသလို ဒေသတွင်း တည်ငြိမ်မှုကိုအာမခံနိုင်တဲ့ ကမ္ဘာလုံးဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို ထိန်းသိမ်းဖို့လည်း နှစ်နိုင်ငံလုံးက ဘုံတူညီတဲ့ ကတိကဝတ် ထားရှိကြပါတယ်” လို့ သြစတြေးလျဝန်ကြီးချုပ် က ပြောပါတယ်။

ဒီခရီးစဥ်အတွင်းမှာပဲ ငွေကြေးခဝါချမှုဆိုင်ရာ ထောက်လှမ်းရေး ကိစ္စရပ်တွေမှာမျှဝေဖို့နဲ့ နှစ်နိုင်ငံ ကုန်သွယ်ရေးဝန်ကြီးတွေ ပုံမှန်အစည်းအဝေးတွေလုပ်ဖို့လည်း သဘောတူခဲ့ကြပါတယ်။ ဒါ့အပြင် သြစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့နဲ့ ဘရစ္စဘိန်းမြို့တွေကနေ ဗီယက်နမ်နိုင်ငံ ဟနွိုင်းနဲ့ ဟိုချီမင်းမြို့တွေကို ချိတ်ဆက်ပေးတဲ့ လေယာဥ် ခရီးလမ်းကြောင်းအသစ်နှစ်ခု ပြေးဆွဲမှုစတင်မှာ ဖြစ်ပါတယ်။

ဒါဟာ တရုတ်နဲ့ ဆက်ဆံရေးတင်းမာနေချိန် သြစတြေးလျ အစိုးရဟာ သူ့ရဲ့ အကြီးဆုံးကုန်သွယ်ဖက် တရုတ်နိုင်ငံကို မှီခိုအားထားရမှုကို လျှော့ချဖို့ ကြိုးပမ်းနေတာလို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။ တဖက်မှာလည်း တောင်တရုတ်ပင်လယ်ကို ထိန်းချုပ်ဖို့ တရုတ်ရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး ဗီယက်နမ်ကလည်း သြစတြေးလျနည်းတူ ဘုံတူညီတဲ့ စိုးရိမ်ချက်တွေ ရှိနေတယ်လို့ သုံးသပ်ကြပါတယ်။

အစိုးရတရားဝင် အချက်အလက်တွေအရ ၂၀၂၁ ခုနှစ်မှာ ဩစတေးလျ၊ ဗီယက်နမ် နှစ်နိုင်ငံကုန်သွယ်မှု စုစုပေါင်းတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၈ ဘီလီယံရှိပြီး နှစ်နိုင်ငံဟာ အခု ၂၀၂၃ နှစ်ကုန်မှာ ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု အဆင့်မြှင့်တင်နိုင်ဖို့ အလိုရှိနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG