မိုးသည်းထန် လေပြင်းတိုက်ခတ်မှုတွေနဲ့အတူ ကမ်းရိုးတန်း ဒေသတွေကို အလျှင်အမြန် ဦးတည်လာနေတဲ့ ယာစီ (Yasi) ဆိုင်ကလုန်း လေမုန်တိုင်း အန္တရာယ်က ရှောင်ရှားနိုင်အောင် သြစတြေးလျနိုင်ငံ အရှေ့မြောက်ပိုင်း ကွင်းစ်လန်း (Queensland) ပြည်နယ်ထဲက ကျန်နေတဲ့ လူတွေကို ရွှေ့ပြောင်းဖို့ အချိန်နှောင်းနေပြီလို့ အာဏာပိုင်တွေက ပြောပါတယ်။
ရာစုနှစ် တခုကျော်အတွင်း အပြင်းထန်ဆုံးဖြစ်တဲ့ လေပြင်းတိုက်ခိုက်မှုနဲ့အတူ မုန်တိုင်းဟာ ကမ်းရိုးတန်း ဒေသကို ဒေသစံတော်ချိန် ညသန်းခေါင်လောက်မှာ ဝင်ရောက်လာဖို့ ရှိနေတာပါ။
Cairns မြို့မှာရှိတဲ့ အရေးပေါ် ခိုလှုံရာ နေရာတွေမှာ လူပေါင်း ၉,၀၀၀ ကျော်အထိ ရှိနေပြီ ဖြစ်တဲ့အတွက် နောက်ထပ် လက်မခံနိုင်တော့ဘူးလို့ ကွင်းစ်လန်းပြည်နယ် ဝန်ကြီးချုပ် အန်နာ ဘလစ်ချ် (Anna Bligh) က ပြောပါတယ်။
ဒေသခံတွေနဲ့ ကမ္ဘာလှည့် ခရီးသွားတွေ အနေနဲ့ တယောက်လက် တယောက်ဆွဲပြီး ဘေးလွတ်ရာကို ပြေးကြဖို့ ဒီကနေ့ အစောပိုင်းမှာပဲ ပြည်နယ်ဝန်ကြီးချုပ်က သတိပေးခဲ့တာပါ။
ဒေသတွင်းမှာရှိတဲ့ လူပေါင်း ထောင်ပေါင်းများစွာကတော့ ဘေးလွတ်ရာ ထွက်ပြေးခဲ့ကြပြီး ဖြစ်သလို ဆေးရုံတွေပေါ်က လူနာ ရာပေါင်းများစွာကိုလည်း ပြည်နယ်မြို့တော်ဖြစ်တဲ့ ဘရစ်စ်ဘိန်း (Brisbane) မြို့ကို လေကြောင်းကနေ ပို့ဆောင်ပေးခဲ့ပါတယ်။
ပြင်းအားအဆင့် ၅ ရှိတဲ့ ယာစီ ဆိုင်ကလုန်းမုန်တိုင်းဟာ တနာရီကို လေတိုက်နှုန်း ၁၈၅ မိုင်လောက်နဲ့ ကုန်းတွင်းပိုင်းကို ဝင်ရောက်လာလိမ့်မယ်လို့လည်း ခန့်မှန်းထားတာပါ။
မုန်တိုင်းကြောင့် ပင်လယ်ရေမျက်နှာပြင် ပေပေါင်းများစွာ မြင့်တက်လာနိုင်တဲ့အတွက် မြေနိမ့်ပိုင်းမှာရှိတဲ့ အိမ်ပေါင်း ထောင်ပေါင်းများစွာဟာလည်း ရေလွှမ်းမိုးမှုဒဏ် ခံရမယ့် အန္တရာယ် ရှိတဲ့အကြောင်း မိုးလေဝသ ခန့်မှန်းသူတွေက ကြိုတင်သတိပေးထားပါတယ်။