သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သြစတြေးလျ-အာဆီယံထိပ်သီးညီလာခံ ရခိုင်အရေးဆွေးနွေးမည်


AI ခေါ် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ကြီး ဆန္ဒပြစဉ်
AI ခေါ် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ကြီး ဆန္ဒပြစဉ်

သြစတြေးလျနိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံ-သြစတြေးလျ ထိပ်သီးညီလာခံ မစတင်ခင် AI ခေါ် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ကြီးနဲ့ အခြား လူ့အခွင့်အရေး လှုပ်ရှားတဲ့ အဖွဲ့တွေက အာဆီယံဒေသတွင်း ဆိုးရွားနေတဲ့ ရိုဟင်ဂျာအရေးကိစ္စအပေါ် မီးမောင်းထိုးပြနိုင်ဖို့နဲ့ မြန်မာအစိုးရကို နိုင်ငံတကာက ဖိအားပေးရေး တောင်းဆိုဖို့ မတ်လ ၁၆ ရက် သောကြာဒီကနေ့မှာပဲ Sydney မြို့မှာ ဆန္ဒပြတောင်းဆိုခဲ့ကြ ပါတယ်။ ဒီအခြေအနေကိုတော့ ကိုဉာဏ်ဝင်းအောင်က တင်ပြ ထားပါတယ်။

အရှေ့တောင်အာရှ နိုင်ငံများအသင်း (ASEAN)နဲ့ သြစတြေးလျ နိုင်ငံတို့ကြား ဒီကနေ့မှာ စတင်လိုက်တဲ့ ၃ ရက်ကြာ ထိပ်သီးညီလာခံမှာ အာဆီယံဒေသအတွင်း ဆိုးရွားနေတဲ့လူ့အခွင့်အရေး အခြေအနေတွေအပေါ်၊ အထူးသဖြင့် ရိုဟင်ဂျာတွေ အခွင့်အရေးချို့ဖေါက်ခံနေရတာကို မီးမောင်းထိုး ဆွေးနွေးပေးကြဖို့နဲ့ ရခိုင်အရေး ကောင်းမွန်တဲ့ လုပ်ဆောင်ချက်တွေ ပေါ်လာအောင် မြန်မာအစိုးရကို နိုင်ငံတကာက ဖိအားတွေ တိုးပေးလာအောင် ဆိုပြီး Sydney မြို့ဆိပ်ကမ်းမှာ AI အဖွဲ့အပါဝင် အခြား လူ့အခွင့်အရေးလှုပ်ရှားသူတွေက တောင်းဆိုဆန္ဒပြခဲ့ကြတာပါ။ ဒီလို ဆန္ဒပြရတာနဲ့ ပတ်သက်လို့ လန်ဒန် AI ရုံးချုပ်က ပြောခွင့်ရပုဂ္ဂိုလ် Olof Blomqvist က ခုလိုရှင်းပြပါတယ်။

“သြစတြေးလျနဲ့ အာဆီယံနိုင်ငံခေါင်းဆောင်တွေကြား ဆစ်ဒနီမြို့မှာကျင်းပမယ့် ညီလာခံက ဒေသတွင်းက လူ့အခွင့်အရေး အခြေအနေ တွေကို ဆွေးနွေးဖို့အတွက် အခွင့်အရေးတခုဖြစ်ပါတယ်။ ကမ္ဘာပေါ်က အကြီးမားဆုံး လူ့အခွင့်အရေးချိုးဖောက်မှု ကြီးတွေထဲက တခုကတော့ အာရှဒေသမှာ ဖြစ်ပြီး၊ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေအပေါ် ကျူးလွန်နေတာ ဖြစ်ပါတယ်။ ကျနော်တို့ AI အဖွဲ့ကြီး အနေနဲ့ကတော့ ဒီဆွေးနွေး ပွဲကို တက်ရောက်လာတဲ့ ကမ္ဘာ့ခေါင်းဆောင်တွေကို ရိုဟင်ဂျာပြဿနာကို ဆွေးနွေးပြီး ရိုဟင်ဂျာတွေအပေါ် လူမျိုးစုအလိုက် ရှင်းလင်း ဖယ်ရှား နေတာတွေကို ရပ်တန်သွားအောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ မြန်မာအစိုးရကို ဖိအားပေး စေချင်ပါတယ်။”

အာဆီယံနဲ့ သြစတြေးလျ ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်ဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ မတ်လ ၁၆ ရက် ညနေ ၄ နာရီလောက်မှာ ရန်ကုန်မြို့ကနေထွက်ခွာသွားပြီး ဒီသီတင်းပတ်ကုန် ကျင်းပမယ့် ဆွေးနွေးပွဲတွေကို တက်ရောက်မှာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေးဝန်ကြီး ဦးကျော်တင်နဲ့ အခြားတာဝန်ရှိသူတွေ လိုက်ပါသွား ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မယ့် ၃ ရက်ကြာ ထိပ်သီးညီလာခံအတွင်း ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်လို့လည်း ဆွေးနွေးသွားမယ့် အကြောင်း သြစတြေးလျဝန်ကြီးချုပ် Malcolm Turnbull က ပြောပါတယ်။

စီးပွားရေး၊ မဟာဗျုဟာရေးရာနဲ့ လူ့အခွင့်အရေး ကိစ္စတွေကို ဆွေးနွေးရာမှာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ် အရေးကို ထည့်သွင်းဆွေးနွေးမှာ ဖြစ်သလို၊ မြန်မာအစိုးရရဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံရာမှာလည်း ဆွေးနွေးမှာ ဖြစ်တဲ့အကြောင်း သြစတြေးလျ ဝန်ကြီးချုပ် Malcolm Turnbull က ဒီကနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ပြီးခဲ့တဲ့သြဂုတ်လထဲ တကျော့ပြန် ဖြစ်လာတဲ့ ပဋိပက္ခတွေကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဒုက္ခသည် သိန်းနဲ့ချီ ထွက်ပြေးခဲ့ရတဲ့အထိ ဒေသတွင်းပြဿနာတခုအဖြစ် ကြီးထွားလာနေတာကြောင့် Sydney မြို့က ထိပ်သီးညီလာခံမှာ မြန်မာအစိုးရ အပေါ် ဖိအားပေး ပြောဆိုဖို့ကို လူ့အခွင့်အရေး လှုပ်ရှားသူတွေက တောင်းဆိုနေကြပါတယ်။

Human Rights Watch လူ့အခွင့်အရေး အဖွဲ့ကလည်း မြန်မာနိုင်ငံ အပါအဝင် အာဆီယံအသင်းဝင်တွေရဲ့ လူ့အခွင့်အရေး ပြဿနာတွေနဲ့ ပတ်သက်လို့ သြစတြေးလျ အစိုးရက ဖိအားပေး ပြောဆိုဖို့ တိုက်တွန်း ထားပါတယ်။

ဒီထိပ်သီးညီလာခံအတွင်း ဒေသတွင်းက လူ့အခွင့်အရေး ပြဿနာတွေ ကြုံနေရတဲ့ မြန်မာနဲ့ ကမ္ဘောဒီးယား နိုင်ငံတို့ကို ဒီထိပ်သီညီလာခံကို ဖိတ်ကြားခဲ့တဲ့ အတွက်လည်း သြစတြေးလျအစိုးရအပေါ် လူ့အခွင့်အရေး လှုပ်ရှားသူတွေက ဝေဖန်နေတာပါ။ ဒါပေမဲ့လည်း မြန်မာနိုင်ငံ အပါအဝင် လူ့အခွင့်အရေး ပြဿနာကြုံနေရတဲ့ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေကို ထိတွေ့ဆက်ဆံ - စည်းရုံး သိမ်းသွင်းတဲ့နည်းမျိုးကသာ အကျိုးများနိုင်ကြောင်း သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Julie Bishop က တုံ့ပြန်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG