သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သြစတြေးလျနိုင်ငံတွင်း အကြမ်းဖက်မှု အန္တရာယ်ရှိဆဲ


ဆစ်ဒနီမြို့က ကဖေးဆိုင်တခုမှာ ပြီးခဲ့တဲ့ သီတင်းပတ်က လူသေတဲ့အထိ အကြမ်းဖက် စီးနင်းမှု ဖြစ်ခဲ့ပြီးတဲ့နောက် ရက်ပိုင်းအကြာမှာပဲ အကြမ်းဖက်မှုတွေ တိုးမြင့်လုပ်ဆောင်ဖို့ ကြံစည်နေတဲ့ အကြမ်းဖက်သမားတွေကြား အချင်းချင်း တီးတိုးပြောဆိုမှုသတင်းတွေ ရထားတဲ့အကြောင်း သြစတြေးလျ အာဏာပိုင်တွေက ပြောပါတယ်။

တိုက်ခိုက်မှုတွေကို ဘယ်လိုပုံစံနဲ့ ဘယ်တော့ တိုက်ခိုက်လာ နိုင်တယ်ဆိုတာကို အာဏာပိုင်တွေက သတိထား စောင့်ကြည့်နေသလို၊ အကြမ်းဖက် ခြိမ်းခြောက်မှု အန္တရာယ် ကြီးမားနေတုန်းပဲလို့ ဝန်ကြီးချုပ် တိုနီ အက်ဘော့(တ်) က ဒီကနေ့ သတိပေးလိုက်ပါတယ်။

“Martin Place အရောင်းဆိုင်တန်းတွေ ရှိရာ နေရာမှာ ဖြစ်ခဲ့တဲ့ စီးနင်း တိုက်ခိုက်မှုပြီးကတည်းက အကြမ်းဖက်မှုတွေ လုပ်ဆောင်ဖို့ အကြမ်းဖက် သမားတွေကြား ကြံစည် ပြောဆိုမှုတွေ ပိုပြီးတော့ တိုးလာနေတယ်ဆိုတာကို ကျနော်တို့ လုံခြုံရေးအေဂျင်စီတွေရဲ့ ဒီကနေ့ တင်ပြချက်တွေက ဖော်ပြနေပါတယ်။ ဒါကြောင့် ပြည်သူတွေအနေနဲ့ သတိရှိဖို့ အရေးကြီးသလို၊ ကျနော်တို့ရဲ့ ရဲနဲ့ လုံခြုံရေး ဌာနတွေကလည်း တတ်နိုင်သမျှ ပြည်သူတွေရဲ့ လုံခြုံရေးကို ကာကွယ်ပေးနိုင်အောင် လုပ်ဆောင်သွားရပါမယ်။” - လို့ ဝန်ကြီးချုပ် တိုနီ အက်ဘော့ က ပြောသွားပါတယ်။

အကြမ်းဖက်သမားတွေ အချင်းချင်းကြား တီးတို တိုင်ပင်နေမှုတွေလို့ ပြောတဲ့နေရာမှာ အသေးစိတ်ကိုတော့ မစ္စတာ အက်ဘော့ က မပြောခဲ့ပါဘူး။ ပြီးခဲ့တဲ့ သီတင်းပတ်က ဆစ်ဒနီမြို့ စီးပွားရေးအချက်အချာ နေရာမှာရှိတဲ့ Lindt ချောကလက် ကော်ဖီဆိုင်မှာ အီရန်နွယ်ဖွား သေနတ်သမားတဦးက ဆိုင်ကို ဝင်စီးခဲ့တာမှာ ဓားစားခံ ၂ ယောက်နဲ့ အတူ သေနတ်သမား သေဆုံးခဲ့တာပါ။

ဒီသေဆုံးခဲ့ကြတဲ့ အသက် ၃၄ နှစ်အရွယ် ကဖေးဆိုင် မန်နေဂျာ Tori Johnson နဲ့ အသက် ၃၈ နှစ်အရွယ် ရှေ့နေ Katrina Dawson တို့ရဲ့ ဈာပန အခမ်းအနားတွေကို ဒီကနေ့ပဲ ဆစ်ဒနီမှာ ကျင်းပခဲ့ပါတယ်။

XS
SM
MD
LG