သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သြစတြီးယားမှာ ဓားနဲ့ထိုး တိုက်ခိုက်သူ အစ္စလာမ်မစ် အကြမ်းဖက်ဝါဒီအဖြစ် သတ်မှတ်


ဓါးနဲ့ထိုး တိုက်ခိုက်မှု ဖြစ်ပွားခဲ့တဲ့ ဩစတြီးယားနိုင်ငံ တောင်ပိုင်း Villach မြို့လယ်နေရာမှာ စစ်ဆေးကြည့်ရှုနေတဲ့ မှုခင်းရဲများ Photo by GERD EGGENBERGER / APA / AFP)
ဓါးနဲ့ထိုး တိုက်ခိုက်မှု ဖြစ်ပွားခဲ့တဲ့ ဩစတြီးယားနိုင်ငံ တောင်ပိုင်း Villach မြို့လယ်နေရာမှာ စစ်ဆေးကြည့်ရှုနေတဲ့ မှုခင်းရဲများ Photo by GERD EGGENBERGER / APA / AFP)

ဩစတြီးယားနိုင်ငံ တောင်ပိုင်းမှာ ဓါးနဲ့ထိုးတိုက်ခိုက်မှု ကျုးလွန်သူဟာ အစ္စလာမ်မစ် အကြမ်းဖက်ဝါဒီ ဖြစ်ကြောင်း အာဏာပိုင်တွေက ပြောလိုက်ပါတယ်။

ဩစတြီးယားနိုင်ငံ Villach မြို့မှာ မနေ့စနေနေ့က အသက် ၂၃ နှစ်အရွယ် ဆီးရီးယားအမျိုးသားတဦးက အနီးအနားမှာ သွားလာနေသူ ၆ ယောက်ကို နေ့ခင်းကြောင်တောင် ဓါးနဲ့ လိုက်ထိုးတာကြောင့် အသက် ၁၄ နှစ်အရွယ် လူငယ်အမျိုးသားတဦး သေဆုံးပြီး၊ ၅ ယောက်ဒဏ်ရာ ရသွားခဲ့ပါတယ်။ တိုက်ခိုက်မှု ကျုးလွန်သူကိုတော့ ချက်ချင်းဖမ်းဆီးမိခဲ့ပါတယ်။

ဩစတြီးယားသမ္မတ Alexander Van der Bellen ကတော့ ထိတ်လန့်တုန်လှုပ်ဖွယ်ရာ တိုက်ခိုက်မှုအဖြစ် ပြောဆိုခဲ့ပါတယ်။ အပြစ်မရှိတဲ့သူတွေ ဓါးနဲ့ထိုး တိုက်ခိုက်ခံရတဲ့အတွက် အလွန်ဒေါသထွက်မိတယ်လို့လည်း ဩစတြီးယားပြည်ထဲရေးဝန်ကြီး Gerhard Karner က ဒီနေ့ ပြောပါတယ်။ တိုက်ခိုက်သူဟာ IS အစ္စလာမ်အစွန်းရောက်အဖွဲ့တွေနဲ့ ဆက်နွယ်မှုရှိပြီး၊ အွန်းလိုင်းကနေတဆင့် အချိန်တိုတိုအတွင်းမှာပဲ အစွန်းရောက်ဝါဒီ ဖြစ်လာခဲ့တယ်လို့လည်း ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။

တိုက်ခိုက်မှုဖြစ်ချိန်မှာ အစားအသောက်ပို့တဲ့ ကုမ္ပဏီတခုမှာ အလုပ်လုပ်နေတဲ့ အသက် ၄၂ နစ်အရွယ် ဆီရီးယားအလုပ်သမားတဦးက အဲဒီ တိုက်ခိုက်တဲ့သူဆီကို ကားနဲ့တိုးဝင်ပြီး ကျန်တဲ့သူတွေကို ကာကွယ်လိုက်တာကြောင့် အခြေအနေက ဒီထက်မဆိုးသွားခဲ့တာဖြစ်ပြီး၊ အဆိုပါပုဂ္ဂိုလ်ကို ကျေးဇူးတင်တယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူး Peter Kaiser က ပြောပါတယ်။

၂၀၂၀ နိုဝင်ဘာလတုန်းကလည်း IS အစွန်းရောက်အဖွဲ့ကို ဝင်ဖို့ကြိုးစားခဲ့တဲ့သူတယောက်က အကြမ်းဖက်တိုက်ခိုက်ခဲ့ဖူးပြီး၊ ဒီတကြိမ်နဲ့ပါဆိုရင် အခုနှစ်ပိုင်းတွေအတွင်း ဩစတြီးယားနိုင်ငံမှာ အကြမ်းဖက်ဝါဒီတွေရဲ့ တိုက်ခိုက်မှုခံရတာ ဒုတိယမြောက် ဖြစ်ပါတယ်။

Forum

XS
SM
MD
LG