သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအပေါ် ဒဏ်ခတ်မှု တချို့ သြစတြေးလျ ရုပ်သိမ်း


သြစတေးလျ နိုင်ငံခြားရေး ဝန်ကြီး ဘော့ရ်ကား (Bob Carr)
သြစတေးလျ နိုင်ငံခြားရေး ဝန်ကြီး ဘော့ရ်ကား (Bob Carr)

သြစတြေးလျ နိုင်ငံက မြန်မာနိုင်ငံအပေါ်မှာ ချမှတ်ထားတဲ့ ဒဏ်ခတ် အရေးယူမှုတွေကို လျှော့ပေါ့ ပေးလိုက်ပါပြီ။ နော်ဝေးနိုင်ငံက အလားတူ လျှော့ပေါ့ပေးလိုက်ပြီး ရက်ပိုင်းအတွင်းမှာပဲ သြစတြေးလျ ကလည်း ဖြေလျော့ပေးလိုက်တာဖြစ်ပါ တယ်။ မြန်မာနိုင်ငံတွင်း ပြုပြင်ပြောင်းလဲရေးတွေကို အားပေးဖို့ အခုလို ဖြေလျှော့ပေးတာလို့ ဗြိတိန်နိုင်ငံမှာ ရောက်နေချိန်အတွင်း သြစတြေးလျ နိုင်ငံခြားရေး ဝန်ကြီး က ပြောခဲ့တာပါ။ မြန်မာ့အရေး လှုပ်ရှားသူတွေကတော့ အခု အလျှော့ပေး တာဟာ သိပ်များလွန်း ပြီး သိပ်စော လွန်းတယ်လို့ ချက်ခြင်းပဲ တုန့်ပြန် ဝေဖန်ကြပါတယ်။

ဧပြီလ ၁ ရက်နေ့မှာ ကြားဖြတ် ရွေးကောက်ပွဲတွေကျင်းပခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီက ကိုယ်စားလှယ်တွေ အနိုင်ရခဲ့ပြီးကတည်းက မြန်မာနိုင်ငံအပေါ် ချမှတ် ထားတဲ့ ဒဏ်ခတ ်အရေးယူမှုတွေ ရုပ်သိမ်းရေးကိစ္စကို ပိုပြီး ကျယ်ကျယ် လောင်လောင် ကြားလာ ရတာပါ။

အဲဒီထဲမှာ အခုနောက်ဆုံး လက်တွေ့ ရုပ်သိမ်းလိုက်တာကတော့ သြစတြေးလျနိုင်ငံပဲဖြစ်ပါတယ်။ အခု လျှော့ပေါ့ ပေးလိုက်တဲ့ ဒဏ်ခတ်အရေးယူမှုအရ သြစတြေးလျ နိုင်ငံက ငွေရေးကြေးရေးနဲ့ ခရီးသွားလာ ခွင့်ဆိုင်ရာ ပိတ်ပင် ဒဏ်ခတ်ထားတဲ့ မြန်မာနိုင်ငံ က တာဝန်ရှိသူ စုစုပေါင်း ၃၉၂ ယောက်ထဲက ၂၆၀ ကျော်ကို ဖယ်ရှားပေးလိုက်တဲ့အတွက် စစ်ဘက်အရာရှိတွေ အပါအဝင် ဆက်ပြီး အရေးယူထားသူ ၁၃၀ လောက် ပဲကျန်ပါတော့တယ်။ ဖယ်ရှားပေး လိုက်သူတွေထဲမှာ သမ္မတဦးသိန်းစိန်နဲ့အတူ အစိုးရ အဖွဲ့နဲ့ လွှတ်တော်ထဲက ပြုပြင် ပြောင်းလဲရေးလိုလားသူတွေ ပါတယ်လို့ သြစတြေးလျနိုင်ငံခြားရေးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။ ငွေရေး ကြေးရေးနဲ့ ခရီးသွားလာခွင့်ဆိုင်ရာ အရေးယူထားတာကို ရုပ်သိမ်းပေမဲ့ လက်နက် ရောင်းချတာကို တော့ ဆက်ပြီး ပိတ်ထားဦးမှာဖြစ်ပါတယ်။ ဒါ့အပြင် ဒဏ်ခတ် အရေးယူ တာကို ပြန်ချမှတ်ဖို့ကလည်း အမြဲတမ်းဖြစ်နိုင်ခြေ ရှိနေပါ တယ်လို့ သြစတြေးလျ နိုင်ငံခြားရေး ဝန်ကြီး ဘော့ဘ် ကားရ် (Bob Carr) က ဆိုပါတယ်။

ဒဏ်ခတ်အရေးယူမှုတွေကို လျှော့ချပြီး ကုန်သွယ်ရေးလုပ်ဖို့ အားပေးတာဟာ မကြာသေးခင် ကာလတွေ အတွင်း မြန်မာနိုင်ငံက နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးဆိုင်ရာ ကျယ်ပြန့်တဲ့ ပြုပြင်ပြောင်းလဲမှုတွေကို အသိအမှတ် ပြုတာဖြစ်ပါတယ်လို့ ဘော့ဘ် ကားရ် က ပြောပါတယ်။

ခရီးသွားလာခွင့် ကန့်သတ်ချက် ရုပ်သိမ်းပေးလိုက်တာကို သဘောတူပေမဲ့ အပြောင်းအလဲတွေက ဒီလောက် ကြီးမခိုင်မာသေးဘဲ စောစောစီးစီး လျှော့ပေါ့ပေးလိုက်တာကိုတော့ ဘဝင်မကျဘူးလို့ သြစတြေးလျ အခြေစိုက် မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားမှုအဖွဲ့ သြစတြေးလျ-မြန်မာရုံးက ညွှန်ကြားရေးမှူး ဒေါက်တာမြင့်ချိုက ဗွီအိုအေကို ပြောပါတယ်။

“ကျနော်တို့ အဲဒါ ကို များလွန်းတယ်။ စောလွန်းတယ် ဆိုပြီး ထောက်ပြထားပါတယ်။ နောက် တစ်ချက် ကလည်း ဒေါ်အောင်ဆန်း စုကြည် တို့ ပြည်တွင်းက ပြောထားတဲ့ အပြောင်းအလဲ တွေ မဖြစ်ဘဲနဲ့ အခုလိုမျိုး စောစောစီးစီး ပြောင်းလိုက်တဲ့ အပေါ်မှာလည်း အထဲ က သဘောထားနဲ့ သိပ် မကိုက်ညီဘူးလို့ ထောက်ပြ ဝေဖန်ထားတယ် ခင်ဗျ။ နောက်တစ်ခု က ကျနော် တို့ စိုးရိမ်တာက အခု လိုမျိုး များများစားစားနဲ့ စောစောစီးစီး အချိန် မတန်ဘဲ အခုလိုမျိုး လျှော့ချပေး လိုက်တာဟာ အထဲက ဦးသိန်းစိန် အစိုးရကော အထဲ စစ်တပ်ကော နောက်ထပ် ငါတို့ ဖမ်းထားတဲ့လူ တွေကို လွှတ်ပေးစရာ မလိုတော့ဘူး။ တိုင်းရင်းသား လူမျိုးစု တွေကို တိုက်ခိုက်တာတွေ ရပ်စရာ မလိုတော့ဘူး။ လူ့အခွင့်အရေး ချိုးဖောက်တာလည်း ဂရုစိုက်စရာ မလိုတော့ဘူး။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ မပြင်လည်း ရပါတယ် ဆိုတဲ့ စိတ်မျိုး ဝင်သွားပြီးတော့ အပြောင်းအလဲ တွေကို ဆက်မလုပ်မှာ ကျနော်တို့ စိုးရိမ်တယ် ခင်ဗျ။”

ပြီးခဲ့တဲ့သီတင်းပတ်ကုန်ပိုင်းမှာ မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ဒ် ကမ်မ်ရွန်းန် (David Cameron) နဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံ ဆွေးနွေးပြီး တဲ့နောက်မှာ ဒဏ်ခတ် အရေးယူမှုတွေကို ရုပ်သိမ်းဖို့ထက် လောလောဆယ် အချိန်ကာလမှာ ဆိုင်းငံ့ထား ဖို့ဆိုပြီး သဘောထား ထွက်ခဲ့ကြပါတယ်။

မြန်မာနိုင်ငံတွင်းက ပြုပြင်ပြောင်းလဲရေးတွေဟာ လုံး၀ ခိုင်မာပြီလို့ ပြောလို့ရနိုင်တဲ့ အခြေအနေမှာ မရှိသေးဘဲ အချိန်မရွေး နောက်ပြန်လှည့်နိုင်သေးတဲ့ အခြေအနေမှာပဲ ရှိနေသေးတာကြောင့် အခု သြစတြေးလျ အစိုးရရဲ့ လုပ်ဆောင်ချက်ဟာ NLD ရဲ့ သဘောထားနဲ့ ကိုက်ညီစေချင်တယ်လို့ NLD ပါတီရဲ့ နာယကအဖွဲ့ဝင်တဦးဖြစ်သူ ဦးဝင်းတင်က ပြောပါတယ်။

“ကျနော် တို့ ကတော့ အရေးယူ ပိတ်ဆို့မှု တွေကို ချက်ချင်းလက်ငင်း ပယ်ဖျက်ဖြစ်တဲ့ အရေးယူမှု မျိုးတော့ မလုပ်သင့်ဘူး လို့ ကျနော်က တော့ ယူဆတယ်။ ဒါကြောင့် ဆိုင်းငံ့ထားပါလ့ို ကျနော်က အဆိုပြုတာ ဖြစ်ပါတယ်။ နောက်ပြီး အခု သြစတေးလျ က လုပ်တဲ့ ဟာလည်း လိုတယ်။ သူအရေးယူထား တဲ့ သုံးပုံ နှစ်ပုံ လောက်ကို သူက ပယ်ဖျက် ပစ်လိုက်ပြီ။ သုံးပုံ တစ်ပုံ လောက်ဘဲ ချန်ထားတယ် ဆိုသော်ငြားလည်း နောက်ထပ် သုံးပုံတစ်ပုံ ဟာလည်း ဖယ်ရှားမယ့် အနေအထားမျိုး ရောက်မယ် ဆိုလည်း ရောက်နိုင်တာကိုး။ ကျနော်ကတော့ ပြောတဲ့ သဘောထား အတိုင်းဘဲ ဆန်ရှင်တွေကို impose လုပ်ထားတဲ့ အခါ ထားမြဲထားပါ။ သို့သော် တစ်ခု ရှိတာက အရေးယူတဲ့ အနေအထားမျိုး မဟုတ်ဘဲနဲ့ ဆိုင်းငံ့တဲ့ အနေအထားနဲ့ ထားပါလို့ ပြောတဲ့ အတိုင်းဘဲ ကျနော်ထင်တယ်။ ဒီ သြစတေးလျ ဝန်ကြီး လုပ်တဲ့ဟာ မှာလည်း ဒီ ၂၆၀ ကျော် လူတွေကို ရွေးထားတာမှာလည်း လုံးဝ ပယ်ဖျက်ပြီ ရုတ်သိမ်းပြီ ဆိုတာ မျိုးထက် ဒီဟာတွေကိုလည်း ဆိုင်းငံ့ထားတဲ့ အခြေအနေမှာဘဲ ရှိသင့်တယ် လို့ ကျနော် ကတော့ အဲဒီလိုဘဲ ထင်ပါတယ်။ ”

ပြုပြင်ပြောင်းလဲရေးတွေ ခိုင်မာပြီး မြန်မာလူထုရဲ့ဘဝတွေ တိုးတက်စေရေး နောက်ထပ် အပြောင်းအလဲ တွေအတွက် အခြေအနေ တွေ ရေရှည်မြဲမြံစေဖို့ အားပေးမယ့် ပိုမိုကြီးမားတဲ့ ထိတွေ့ဆက်ဆံမှုနဲ့ မြန်မာနိုင်ငံ ကို လက်တွေ့ကျကျ အထောက်အပံ့ပြုရပါ မယ်လို့ သြစတြေးလျနိုင်ငံခြားရေးဝန်ကြီးကဆိုပါတယ်။

အားပေးရမယ ်ဆိုတာကို ပြည်တွင်းပြည်ပ ဒီမိုကရေစီရေး လှုပ်ရှားသူတွေက မကန့်ကွက်ပေမဲ့ လက်ရှိ မြန်မာနိုင်ငံ အခြေအနေက ဒဏ်ခတ် အရေးယူမှုတွေကို လုံးဝနီးပါး လျှော့ချပစ် လိုက်ရမယ့် အခြေအနေ မျိုးထိတော့ မရှိသေးဘူးလို့ ထောက်ပြနေကြတာပါ။

EU အဖွဲ့ဟာ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒကို ဧပြီလ ၂၃ ရက်နေ့မှာ ဆွေးနွေး သုံးသပ်ကြဖို့ရှိပြီး ဒဏ်ခတ် အရေးယူမှု ကိစ္စက ထိပ်တန်း ဦးစားပေး ဆွေးနွေး ကြမယ့်ကိစ္စ ဖြစ်ပါတယ်။ တခါ အမေရိကန်ပြည်ထောင်စု မှာလည်း ဒီကိစ္စကို ဆွေးနွေးသုံးသပ်တာတွေ ရှိနေပြီ ဖြစ်ပါတယ်။

XS
SM
MD
LG