သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပျောက်ဆုံးလေယာဉ် တွေ့အောင်ရှာမည့် သြစတြေးလျ


သြစတြေးလျဝန်ကြီးချုပ် Tony Abbott (ဝဲ) နဲ့ မလေးရှားဝန်ကြီးချုပ် Najib Razak (စက်တင်ဘာ ၆၊ ၂၀၁၄)
သြစတြေးလျဝန်ကြီးချုပ် Tony Abbott (ဝဲ) နဲ့ မလေးရှားဝန်ကြီးချုပ် Najib Razak (စက်တင်ဘာ ၆၊ ၂၀၁၄)

ပျောက်ဆုံးနေတဲ့ မလေးရှားလေကြောင်းပိုင် လေယာဉ်ခရီးစဉ်အမှတ် MH 370 ရှာဖွေမှုတွေကို လက်လျှော့မှာမဟုတ်ဘူးလို့ သြစတေးလျ ဝန်ကြီးချုပ် Tony Abbott က ပြောဆိုလိုက်ပါတယ်။ လွန်ခဲ့တဲ့ ၆ လက မလေးရှားနိုင်ငံ၊ ကွာလမ်လမ်ပူ မြို့တော်ကနေ တရုတ်နိုင်ငံ ဘေဂျင်းမြို့ကို ပျံသန်းစဉ်မှာ ဒီလေယာဉ် ပျောက်ဆုံးသွားခဲ့တာပါ။

ဒီကနေ့ စနေနေ့မှာ မလေးရှားနိုင်ငံကို တရက်ခရီးသွားရောက်နေတဲ့ မစ္စတာ Abbott က နှစ်ပတ်အတွင်း လေယာဉ်ရှာဖွေရေး လုပ်ငန်းတွေကို ပြန်လည် စတင်မှာဖြစ်ပြီး Australia အနောက်ဖက် အိန္ဒိယသမုဒ္ဒရာကြမ်းပြင်မှာ ဒီရှာဖွေမှုကို ဆက်လုပ်သွား မှာ ဖြစ်ကြောင်း ပြောပါတယ်။ မတ်လ ၈ ရက်နေ့ က ပျောက်ဆုံးသွားတဲ့ MH 370 လေယာဉ်ပေါ်မှာ လူပေါင်း ၂၃၉ ဦးစီးနင်းလိုက်ပါသွားခဲ့တာပါ။

လေယာဉ်ရှာဖွေရေးအစီအစဉ်နဲ့ ပတ်သက်ပြီး မစ္စတာ Abbott နဲ့ မလေးရှား ဝန်ကြီးချုပ် Najib Razak တို့ နှစ်ဦးဆွေးနွေးခဲ့ကြတဲ့အပြင် ဇူလိုင်လအတွင်း ယူကရိန်းနိုင်ငံအရှေ့ပိုင်းမှာ ပစ်ချခံရတဲ့ လေယာဉ်ခရီးစဉ်အမှတ် MH 17 နဲ့ ပတ်သက်လို့လည်း ဆွေးနွေးခဲ့ကြပါတယ်။ အဲဒီလေယာဉ်ပေါ်မှာ လူ ၂၈၉ ဦး လိုက်ပါစီးနင်းခဲ့တာပါ။

ဒီလေယာဉ်ပျက်ကျမှုနဲ့ ပတ်သက်ပြီး အထောက်အထားတွေစုဆောင်းဖို့ စုံစမ်းစစ်ဆေးရေးမှုးတွေကို ယူကရိန်းကို စေလွှတ်ချင်တဲ့အကြောင်းလည်း မစ္စတာ Najib ကပြောပါတယ်။ ဒါပေမယ့် ဒီလေယာဉ်ဟာ ပစ်ချခံရတာဖြစ်တယ်ဆိုတဲ့ ထောက်လှမ်းရေးအချက်အလက်တွေ ရှိထားပြီဖြစ်တဲ့အကြောင်းလည်း သူကပြောပါတယ်။

XS
SM
MD
LG