သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆယ်ကျော်သက် လူမည်း ပစ်ခံရမှု သီးခြားစုံစမ်းမည်


အမေရိကန်သမ္မတ အိုဘားမား လူမည်းလူငယ် ပစ်သတ်ခံရမှုနဲ့ပတ်သက်ပြီး ပြည်သူကို မိန့်ခွန်းပြော။ (သြဂုတ် ၁၄၊ ၂၀၁၄)
အမေရိကန်သမ္မတ အိုဘားမား လူမည်းလူငယ် ပစ်သတ်ခံရမှုနဲ့ပတ်သက်ပြီး ပြည်သူကို မိန့်ခွန်းပြော။ (သြဂုတ် ၁၄၊ ၂၀၁၄)

အမေရိကန်ပြည်ထောင်စု အနောက်အလယ်ပိုင်းက Missouri ပြည်နယ် St.Louis မြို့ ဆင်ခြေဖုံးတခုမှာ လက်နက်မဲ့ လူမည်း ဆယ်ကျော်သက်တယောက်ကို ရဲအရာရှိတဦးက ပစ်သတ်ခဲ့တာကြောင့် မငြိမ်မသက်ဖြစ်နေတဲ့ အပေါ်၊ အေးအေးချမ်းချမ်း တည်တည်ငြိမ်ငြိမ်ရှိကြဖို့ဆိုပြီး ဒေသခံတွေကို သမ္မတ အိုဘားမားက တောင်းဆိုလိုက်ပါတယ်။

လူမည်းအများစုရှိတဲ့ Ferguson အရပ်မှာ တင်းမာမှုတွေ အရှိန်မြင့်နေတာကြောင့်၊ အခြေအနေကို ဘယ်လို ရှေ့ဆက်ကြမလဲဆိုတာကို နောက်တလှမ်းဆုတ်ပြီး အသေအချာ ပြန်စဉ်းစားကြဖို့ နိုင်ငံသားတွေကိုရော အာဏာပိုင်တွေကိုပါ သမ္မတအိုဘားမားက တိုက်တွန်းခဲ့တာပါ။ အခုအဖြစ်အပျက်နဲ့အတူရှိလာတဲ့ တင်းမာမှုတွေမှာ ရဲတပ်ဖွဲ့က အင်အားအလွန်အကျွံသုံးတာကိုရော၊ ဒေသခံအချို့က ဖျက်ဆီးမှုတွေ လုပ်တာကိုပါ ခွင့်ပြုလို့မရဘူးလို့လည်း သမ္မတအိုဘားမားက ပြောပါတယ်။

အသက် ၁၈နှစ်အရွယ် Michael Brown သေဆုံးခဲ့ရတဲ့ဖြစ်ရပ်အပေါ်မှာ သီးခြားလွတ်လပ်တဲ့ စုံစမ်းမှုတွေလုပ်သွားဖို့ တရားရေးဌာနနဲ့ FBI ပြည်ထောင်စုထောက်လှမ်းရေးဗျူရိုတို့ကို သူ တာဝန်ပေးထားတယ်လို့လည်း သမ္မတအိုဘားမားက ပြောပါတယ်။ ပြီးခဲ့တဲ့ စနေနေ့တုန်းက Michael Brown သေဆုံးခဲ့ရတဲ့ဖြစ်ရပ်မှာ နိုင်ငံသား အခွင့်အရေးကို ချိုးဖောက်မှု ရှိမရှိဆိုတာကို စုံစမ်းသွားဖို့ဖြစ်ပါတယ်။ သေဆုံးသူ Brown ဟာ ရဲကားထဲမှာ ရဲအရာရှိနဲ့ ခိုက်ရန်ဖြစ်ပြီးတဲ့နောက် ပစ်သတ်ခံရတာလို့ Ferguson ရဲအရာရှိတွေက ပြောပါတယ်။

ဒါပေမယ့် မျက်မြင်တွေ အပြောမှာတော့ သူဟာ အဖမ်းခံဖို့ လက်မြောက်ပြချိန်မှာပဲ အချက်ပေါင်းများစွာ ပစ်ခံခဲ့ရတာလို့ ပြောနေပါတယ်။ ပစ်ခဲ့တဲ့ ရဲအရာရှိဟာ ဘယ်သူလဲဆိုတာကိုတော့ ရဲတပ်ဖွဲ့ အကြီးအကဲ Thomas Jackson က ထုတ်ဖော်မပြောပါဘူး။ အဲဒီရဲအရာရှိကိုလည်း ခုချိန်အထိ ရာဇဝတ်မှုနဲ့ အရေးယူတာမျိုး မရှိဘူးလို့လည်း ပြောပါတယ်။

ဒီလူငယ်သေဆုံးတဲ့ကိစ္စကြောင့် Ferguson ရပ်ကွက်မှာ လေးညဆက်တိုက် ဆန္ဒပြမှုတွေဖြစ်နေရာမှာ ဗုဒ္ဓဟူးနေ့ညကတော့ ရာဂဏန်းရှိတဲ့ ဒေသခံ ဆန္ဒပြသူတွေကို လုံထိန်းရဲတွေက မျက်ရည်ယိုဗုံးသုံးပြီး လူစုခွဲခဲ့ပါတယ်။ ဆန္ဒပြသူအချို့ဟာ ဈေးဆိုင်တွေကို ဖျက်ဆီးလုယက်မှုတွေရှိလာတာကြောင့်လည်း၊ ဆန္ဒပြမှုကနေ အကြမ်းဖက်တဲ့ပုံစံ ရောက်လာခဲ့ပါတယ်။

XS
SM
MD
LG