သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လိပ်ခွံသပိတ်စခန်း ရဲဝင်စီးမှာ ဒေသခံ စိုးရိမ်


ဆားလင်းကြီးမြို့နယ်တွင်းက ကြေးနီစီမံကိန်းနယ်မြေ
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ဆန့်ကျင်ပြီး လိပ်ခံွံတောင်မှာ သပိတ်စခန်း ဖွင့်ထားတဲ့ နေရာမှာ ဒေသခံတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ အကြား ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပါတယ်။ ရဲတွေဘက်က ညဦးပိုင်းမှာ ပြန်ဆုတ်သွားပေမဲ့ ထိပ်တိုက် ရင်ဆိုင်မှုတွေ ရှိနေသေး တာကြောင့် အခြေအနေတွေက တည်ငြိမ်မှုမရှိသေးဘူး လို့ ဒေသခံတွေက ပြောပါတယ်။ လက်ပံတောင်းတောင် ဘက်က နောက်ဆုံး အခြေအနေတွေကို စုံစမ်းထားတဲ့ မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုပ်နေတဲ့နေရာက လိပ်ခွံတောင်ကို ဒေသခံတွေ က သပိတ်စခန်း ဖွင့်ပြီး သိမ်းပိုက်ထားတာပါ။ ကော်မရှင်ရဲ့ အစီရင်ခံစာ ထွက်လာ အပြီးမှာတော့ အာဏာပိုင်တွေဘက်က ဒေသခံလူထု ကို နှိမ်နင်းဖို့အတွက် ညပိုင်းမှာ တက်လာတဲ့အကြောင်း၊ သပိတ်စခန်းက ဒေသခံတွေနဲ့ ရဲတွေကြား ပဋိပက္ခ အနည်းငယ် ညပိုင်းမှာ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေနဲ့အတူ ရှိနေတဲ့ ကျောင်းသားခေါင်းဆောင် ကိုဟန်ဝင်းအောင် က ဆိုပါတယ်။

“၉ နာရီလောက်မှာ စတာပေါ့။ ဒီညတညလုံးမှာ ထူးခြားတာက ဆိုဒ်တခုလုံး အမှောင်ချထားတယ်။ ဒီဘက်ဆိုဒ်မှာလည်း အမှောင်ချထားတယ်။ တုံရွာသပိတ်စခန်းနဲ့ ဆည်တဲကြားက တရုတ်ဆိုဒ်ကိုလည်း မီးလုံးဝ မထွန်းဘဲနဲ့ အမှောင်ချထားတယ်။ အဲ့လို ချထားရင်းနဲ့ ၉ နာရီလောက်မှာ သူတို့က လက်နှိပ်ဓာတ်မီး တ၀င်းဝင်းနဲ့ တောင်ပေါ်ကို စတက်လာတယ်။ ဒိုင်းတွေနဲ့။ တက်လာရင်းနဲ့ ဒီဘက်က ကြေးနီက စတွေ့ပြီးတော့ တဖြေးဖြေးနဲ့ အော်ကြဟစ်ကြတာ။ ကျနော်တို့ တောင်ကြောကို တက်တဲ့အခါမှာ ကျနော်တို့ လူတွေက အပေါ်စီးက ကိုက် ၁၅၀ လောက်ကွာတယ်။ အဲ့ဒီအခါကျတော့ ကျနော်တို့ ဒီဘက်မှာ ဆောင်ထားတဲ့ မီးဒုတ်တွေကို စပြီး မီးထွန်းလိုက်တယ်။ ထွန်းလိုက်တဲ့အခါကျတော့ သူတို့ ပေါ်သွားရော၊ ပေါ်သွားတဲ့အခါ ကျတော့ ပြန်ဆုတ်တယ်။ ၀ိုင်းအော်ရင်းနဲ့ တဖြေးဖြေး ပြန်ဆုတ်ပြီးတော့ အမှောင်ထဲကို ပြန်ဝင် သွားတယ်။”

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်လို့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင် ကတော့ စီမံကိန်းကို ဆက်လုပ်သင့်တယ်လို့ အကြံပြုထားတဲ့အတွက် ဒေသခံတွေက မတ်လ ၁၃ ရက်နေ့မှာ ကော်မရှင်ရဲ့ အဖြေကို ကန့်ကွက်တဲ့အနေနဲ့ ဆန္ဒပြပွဲတွေ ထပ်ဖြစ်ခဲ့တာပါ။

လက်ပံတောင်းတောင်ကို ဒေါ်အောင်ဆန်းစုကြည် လာရောက်ခဲ့ပေမဲ့ တင်းမာမှုတွေ
ဖြစ်နေတဲ့ ဒေသခံတွေကိုတော့ တွေ့ဆုံတာ မရှိသေးပါဘူး။ ဒေသခံတွေကိုလည်း တွေ့ဆုံဖို့ ညှိနှိုင်းဆွေးနွေးတာ မရှိသေးဘူးလို့ ဆန္ဒပြနေတဲ့ ဒေသခံတွေက ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည် သွားရောက်တဲ့နေရာဟာ စံပယ်တောင်၊ ကြေးစင်စီမံကိန်း
ကြောင့် တောင်တွေ ပျောက်ကွယ်သွားပြီး သဘာဝ ရေမြေတွေ ပျက်စီးသွားတဲ့ ကံကုန်းရွာဘက်ကိုပဲ သွာရောက်ပြီးတော့ ကော်မရှင် အစီရင်ခံစာကို ရှင်းလင်းခဲ့ တာလို့ ဒေသခံတွေက ပြောပါတယ်။

အာဏာပိုင်တွေဘက်က အကြမ်းဖက် ဖြိုခွဲဖို့အတွက် လုံခြုံရေးအင်အားတွေ ပြင်ဆင် ထားပြီး နှစ်ဘက် ရင်ဆိုင်နေရတဲ့ အခြေအနေတွေ ရှိနေတယ်လို့ ကိုဟန်ဝင်းအောင် က ပြောပါတယ်။

“မီးသတ်ကား အသင့် ၅ စီး၊ ဆေးရုံတင်ကားတွေကလည်း ရောက်နေတယ်။ ဒီနေ့ရော၊ မနေ့ကရော သူတို့ အဲ့ဒီမှာ ရေတွေနဲ့ တခြား အရည်တမျိုးနဲ့ ရောပြီးတော့ မီးသတ်ကားတွေထဲ ထည့်ပြီး အဆင်သင့် ပြင်ထားတယ် ဆိုတာကိုလည်း ကျနော်တို့ သိထားပြီးသား။ ပြီးတော့ ဒီတောင်ကို သိမ်းဖို့ လေ့ကျင့်ထားတယ်ပေါ့ တကယ် ကျွမ်းကျင်တဲ့ ရဲ ၈၀ လောက်နဲ့ ညပိုင်းမှာ ၀င်စီးမယ်။ ပြီးတော့ ဆားလင်းကြီးမြို့နယ်အထိ ကားလမ်းတွေ၊ ထွက်ပေါက်တွေကို သူတို့ ပိတ်ထား ပြီးသွားပြီ။ ဒေါ်အောင်ဆန်းစုကြည် ပြန်တဲ့ အချိန်လောက်ကို ကွက်တိလုပ်ပြီးတော့ သူတို့ ဖြိုခွဲမယ်ဆိုတာကို ကြားတယ်လေ။ အဲ ဒီနေ့ ညနေကျတော့ ထူးခြားတာက ကျနော်တို့ ဒီညနေ ဆန္ဒပြတာ ဘာညာနဲ့ ပင်ပန်းနေ တာ၊ တောင်ပေါ်မှာ အင်အား ၅၀ လောက်ပဲရှိတယ်။ ရှိတဲ့အချိန်မှာ သူတို့က ၀င်စီးတာ၊ စီးပေမဲ့လည်း ဒီမိုးကြိုးပြင်ဘက်ကနေပြီးတော့ အချိန်မှီပေါ့ ၁၅ မိနစ်လောက် အတွင်းကို အမြန်သွားပြီးတော့ လူအင်အား ဖြည့်လိုက်နိုင်တဲ့ အတွက်ကြောင့် ပြန်ဆုတ်သွားတာ။ အခုက သူတို့ ဦးပိုင်ဝင်းပေါ့ မြေနီတောင်ရှေ့ ဦးပိုင်ဝင်း၊ ကျနော်တို့ လိပ်ခွံတောင် ရဲ့ တောင်စောင်းအောက်ပေါ့ အဲ့ဒီထဲမှာ အမှောင်ထုကို အကာအကွယ်ယူပြီး ၀ပ်နေကြ တယ်။ စစ်ကား ၃ စီးကတော့ ထိပ်ရောက်လာတယ်။”

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြောင့် ဒေသခံတွေရဲ့ လယ်မြေ ဆုံးရှုံးမှုတွေ အတွက် နစ်နာကြေးရဖို့ လုပ်ဆောင်ပေးသွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုခဲ့ပါတယ်။

မြန်မာစီပွားရေး ဦးပိုင်ကုမ္ပဏီ လီမိတက်ဘက်က စုံစမ်းစစ်ဆေးရေး အစီရင်ခံစာအပေါ် အကောင်အထည်ဖော် ဆောင်ရွက်မယ့် ကော်မတီရဲ့ လမ်းညွှန်ချက်တွေနဲ့အညီ ဆောင် ရွက်သွားမှာဖြစ်ကြောင်း ကြေငြာထားသလို မြန်မာဝမ်ဘောင် မိုင်းနင်းကုမ္ပဏီ လီမိတက်ဘက်ကလည်း ဒေသခံပြည်သူတွေရဲ့ စီမံကိန်းနဲ့ ပတ်သက်တဲ့ လိုလားချက်တွေ ကို အချိန်မရွေး ဂရုစိုက်နားထောင်ပြီး ရင်းနှီးချစ်ကြည်စွာ ညှိနှိုင်း ဆွေးနွေးသွားမယ် လို့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။

လက်ပံတောင်းဒေသခံတွေကတော့ စီမံကိန်းဖျက်သိမ်းရေးကိုသာ တောင်းဆိုနေကြတာပါ။ ဒါ့အပြင် နိုဝင်ဘာလ ၂၉ ရက်နေ့က သံဃာတော်တွေနဲ့ ဒေသခံတွေရဲ့ သပိတ်စခန်းကို မီးလောင်ဗုံးတွေနဲ့ ဖြိုခွဲခဲ့တာနဲ့ပတ်သက်ပြီး အရေးယူ ဆောင်ရွက်ပေးဖို့ တောင်းဆိုပြီး ပုဒ်မ ၁၄၄ ရုပ်သိမ်းဖို့ တောင်းဆိုထားပါတယ်။
XS
SM
MD
LG