သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မအူပင်ဆန္ဒပြပွဲ ပါဝင်သူတွေ တရားစွဲဆိုခံရ


ရှေ့နေကြီးဦးမြသောင်းက ဥပဒေအရ အကူအညီပေးနိုင်ဖို့ ရှင်းလင်းဆွေးနွေးနေစဉ် (ဓာတ်ပုံ - မစုစုနွေး)
ရှေ့နေကြီးဦးမြသောင်းက ဥပဒေအရ အကူအညီပေးနိုင်ဖို့ ရှင်းလင်းဆွေးနွေးနေစဉ် (ဓာတ်ပုံ - မစုစုနွေး)
မအူပင်ခရိုင် မအူပင်မြို့နယ် မလက်တိုကျေးရွာအုပ်စု ပလောင်းကျေးရွာမှာ အသိမ်းခံ လယ်ယာမြေတွေကို ပြန် ရဖို့ တောင်းဆိုရင်း လယ်သမားနဲ့ ရဲတွေကြား ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေမှာ အခုတော့ ရဲဘက်ကနေ လယ်သမားတွေကို အမှုဖွင့် တရားစွဲဆို လိုက်ပါပြီ။ ပုဒ်မ ၃၀၂ လူသတ်မှု အပါအဝင် လူစုလူဝေးလုပ်မှု၊ ဝတ္တရားနှောင့်ယှက်မှု စတဲ့ ပုဒ်မတွေနဲ့ တရားစွဲဆို အမှုဖွင့်လိုက်ကြောင်း လယ်သမားအရေး လုပ်ဆောင်နေသူတွေ က ပြောပါတယ်။ အခြေအနေ အသေးစိတ်ကိုတော့ မအေးအေးမာ က တင်ပြထားပါတယ်။

မအူပင်မြို့နယ် မလက်တို ကျေးရွာအုပ်စု ပလောင်း ကျေးရွာ မှာ ဖြစ်ပွားခဲ့တဲ့ ဒေသခံတွေနဲ့ လုံခြုံရေး အာဏာပိုင်တွေ ကြား သွေးထွက်သံယို ပဋိပက္ခနဲ့ပတ်သက်ပြီး အခုနောက်ဆုံး လယ်သမားတွေကို အရေးယူဖို့ ပြင်ဆင် လာတာ ဖြစ်ပါတယ်။

ပုဂ္ဂလိက ကုမ္ပဏီ တခုဖြစ်တဲ့ Orchard ကုမ္ပဏီ လီမိတက်က ငါးကန်တူးထားတဲ့ သူတို့ လယ်ယာမြေတွေကို ပြန်လည် ရယူလိုမူနဲ့ တောင်းဆိုရင်း ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်း အတွင်း ရဲတပ်ဖွဲ့ဝင်တယောက် သေဆုံးခဲ့ရတဲ့အထိ ဖြစ်ပွားခဲ့ရပြီးနောက် လူသတ်မှု အပါအဝင် ပုဒ်မ အတော်များများနဲ့ အမှု ဖွင့်လိုက်တဲ့အကြောင်း လယ်သမားတွေကို အကူအညီပေးနေတဲ့ လမ်းပြကြယ်အဖွဲ့က ဦးထွန်းနိုင် က ပြောပါတယ်။

“မအူပင်မြို့နယ် အုပ်ချုပ်ရေးမှူးကနေပြီးတော့ တရားလို ပြုလုပ်ပြီး ရွာသူရွာသားတွေကို ၃၀၂ အရ ရဲတဦး သေဆုံးတဲ့အတွက် လူသတ်မှုနဲ့ ရွာသားတွေကို တရားစွဲ လိုက်ပါတယ်။ နောက်ထပ် ပုဒ်မတွေကတော့ ၃၃၃၊ ၃၃၂ လူစုလူဝေးလုပ်မှု ၁၄၂၊ ၁၄၃၊ ၁၄၅၊ ၁၂၇၊ ၁၂၈၊ ၃၀၊ ၄၀ တွေနဲ့ လယ်သမားတွေကို အမှုဖွင့်လိုက်တာပေါ့။ အဲ့တော့ လယ်သမားတွေထဲက တချို့ ရှောင်တိမ်းတဲ့ သူက ရှောင်တိမ်းပြီးတော့ အကုန်လုံး ဖရိုဖရဲတွေ ဖြစ်ကုန်တာပေါ့။ ၃၃၃ ဝတ္တရားနှောင့်ယှက်မှု၊ ၃၀၂ ဆိုတာ ထိခိုက်နာကျင်တယ်။ လူစုလူဝေးဆိုတာ ၁၄၄ ထုတ်ပြန်တယ်။ ၁၄၃၊ ၁၄၅ တွေက လူစုလူဝေးလုပ်တယ်။ အမိန့်ကို ဆန့်ကျင်တယ်။ ကျန်တာ အသေးစိတ် ဖော်ပြထားခြင်းကတော့ သိပ်မရှိဘူးလေ။”

အခင်းဖြစ်ပွားတဲ့နေရာမှာ ပုဒ်မ ၁၄၄ ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း သတင်တွေ ထွက်ပေါ်နေပေမဲ့ မအူပင် ရဲစခန်းကတော့ တိတိကျကျ ပြောဆိုနိုင်ခြင်း မရှိပါဘူး။ မအူပင် ရဲစခန်းကို ဆက်သွယ်
မေးမြန်းတဲ့အခါမှာတော့ တာဝန်ကျ ရဲဝန်ထမ်းတဦးက အခုလို ပြောပါတယ်။

“စခန်းမှူးပဲ သိမယ်အမရေ။”

တရားစွဲဆိုဖို့အတွက် အမှုဖွင့်ထားခြင်း ရှိ-မရှိကိုလည်း မအူပင်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးကို ဆက်သွယ်ခဲ့ပေမဲ့ အထက်လူကြီးသာ သိနိုင်ကြောင်း တရားကျသူတဦးက အခုလို ပြောကြား ခဲ့ပါတယ်။

“အဲ့ဒါတော့ ကျနော်တော့ ဂဃနဏ မသိဘူးခင်ဗျ။ အထက်လူကြီးတွေမှ သိမှာ။”

လက်ရှိမှာတော့ လူမှုရေးလုပ်နေတဲ့ အဖွဲ့အစည်းတွေနဲ့ ရှေ့နေတွေက လယ်သမားတွေဘက် က ရှေ့နေလိုက်ပေးဖို့ ပြင်ဆင်နေသလို လယ်သမားတွေဘက်ကလည်း လယ် ပြန်လည်ရလို မှုတွေအတွက်လည်း ပြင်ဆင်နေတယ်လို့ ဦထွန်းနိုင်က ပြောဆိုသွားပါတယ်။

“လယ်ယာမြေ ပိုင်ဆိုင်မှုနဲ့ တရားစွဲဖို့လည်း စီစဉ်ထားပါတယ်။ တချို့ လူမှုရေး အဖွဲ့တွေကလည်း လယ်သမားတွေဘက်ကနေ လိုက်ဖို့ စိုင်းပြင်းနေသလို၊ ကျနော်တို့ လမ်းပြကြယ်အဖွဲ့ကလည်း လယ်သမားတွေဘက်ကနေ ရှေ့နေအဖြစ် လိုက်ပါဖို့ စိုင်းပြင်းနေတာပေါ့။ အဲ့ဒီအတွက်ကို ဥပဒေပိုင်းဆိုင်ရာနဲ့ ကျနော်တို့ အဖွဲ့အစည်းတွေကနေပြီးတော့ တချို့အဖွဲ့အစည်းတွေ၊ ကျန်တဲ့အဖွဲ့အစည်းတွေကနေ ဒါကို လယ်သမားတွေဘက်ကနေ ရှေ့နေလိုက်ဖို့ကို ဥပဒေနဲ့ ရင်ဆိုင်ဖို့ကို လယ်သမားတွေဘက်က ပါဖို့ကို စိုင်းပြင်းနေကြတယ်ပေါ့လေ။”

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင်မြို့နယ် မလက်တို ကျေးရွာအုပ်စု ပလောင်းကျေးရွာ အပိုင် ကွင်းအမှတ် ၉၆၉ အတွင်း လယ်သမားများ စိုက်ပျိုးလုပ်ကိုင် စားသောက်လာတဲ့ ဘိုးဘွားပိုင် လယ်ယာမြေ ဧက ၅၀၀ ကျော်ကို Orchard ကုမ္ပဏီ လီမိတက်က ၁၉၉၆ ခုနှစ်ကတည်းက သိမ်းယူထားပြီး ငါးကန်အဖြစ် လုပ်ပြီး လက်ရှိကာလမှာ အသုံးမပြုတာကြောင့် ရွာပေါင်း ၆ ရွာက လယ်သမား ၅၀၀ ကျော်ဟာ ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

ဒီ့နောက်မှာတော့ အာဏာပိုင်တွေဘက်က ပုဒ်မ ၁၄၄ ထုတ်ပြီး ဖယ်ရှားခိုင်းနေပေမဲ့ လယ်သမားတွေက လယ်ပြန်ရရေး တောင်းဆိုနေတဲ့အတွက် လယ်သမားတွေနဲ့ ရဲ အင်အား ၃၀၀ ခန့်အကြား ထိပ်တိုက် ရင်ဆိုင်မှုတွေဖြစ်ပြီး ရဲတွေဘက်က သေနတ်နဲ့ ပစ်ခတ်မှုလုပ်ခဲ့သလို လယ်သမားတွေဘက်ကလည်း တ့ုံပြန်မှုတွေ လုပ်ခဲ့ပါတယ်။ နှစ်ဘက် အဓိကရုဏ်းအတွင်း ရဲတဦး သေဆုံးခဲ့ရသလို နှစ်ဘက်လုံးက လူ ၄၀ ကျော် ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။
XS
SM
MD
LG