သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်သံရုံးရှေ့ ဆန္ဒပြသူတွေကို အရေးယူမည်


အမေရိကန်သံရုံးရှေ့ ရိုဟင်ဂျာလို့ သုံးနှုန်းမှုအပေါ် ဆန့်ကျင်ကန့်ကွက် ဆန္ဒပြ။ (ဧပြီ ၂၈၊ ၂၀၁၆)
အမေရိကန်သံရုံးရှေ့ ရိုဟင်ဂျာလို့ သုံးနှုန်းမှုအပေါ် ဆန့်ကျင်ကန့်ကွက် ဆန္ဒပြ။ (ဧပြီ ၂၈၊ ၂၀၁၆)

မနေ့ ကြာသာပတေးနေ့က ရန်ကုန် အမေရိကန် သံရုံးရှေ့ဆန္ဒပြပွဲကို ဦးဆောင်ခဲ့တဲ့ အမျိုးသားရေးဝါဒီ မဘသခေါင်းဆောင်တွေနဲ့ အမျိုးသားကွန်ယက်အဖွဲ့တို့ကို ငြိမ်းစုစီ ပုဒ်မ (၁၉) အပါအဝင် သံဃာ့ စည်းမျဉ်း စည်းကမ်းချက်တွေနဲ့အညီ အရေးယူ မှာဖြစ်တယ် လို့ ကမာရွတ် ရဲစခန်းတာဝန်ရှိသူက ဗွီအိုအေကိုပြောပါတယ်။ ဆန္ဒပြပွဲ ဦးဆောင်သူတွေဟာ ခွင့်ပြုချက်ယူထားတဲ့နေရာကနေ ကျော်လွန်ပြီး ဥပဒေကို မလိုက်နာပဲ ဆန္ဒပြခဲ့တဲ့အတွက် အရေးယူမှာဖြစ်တယ်လို့ဆိုပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အပြည့်အစုံကိုပြောပြမှာပါ။

ပြီးခဲ့တဲ့သတင်းပတ်တွေ အတွင်း ရခိုင်ပြည်နယ်ဘက်မှာ စက်လှေ နစ်မြုပ် သေဆုံး သွားသူတွေ အတွက် ရန်ကုန်အမေရိကန်သံရုံးရဲ့ ဝမ်းနည်းကြောင်း ကြေညာချက်မှာ ရိုဟင်ဂျာလူမျိုးဆိုပြီး သုံးနှုန်းခဲ့တဲ့အပေါ် မကျေနပ်တဲ့ အတွက် မဘသခေါင်းဆောင် ဦးပါမောက္ခ ဦးဆောင်ပြီး ဆန္ဒပြသူပေါင်း (၃၀၀)ကျော်ဟာ မနေ့က အမေရိကန်သံရုံးရှေ့ ဆန္ဒပြခဲ့ကြတာပါ။

ကန်သံရုံးရှေ့ ဆန္ဒပြ
ကန်သံရုံးရှေ့ ဆန္ဒပြ

ဆန္ဒပြသူတွေဟာ ခွင့်ပြုထားတဲ့ ဗိုလ်စိန်မှန်ကွင်းကနေ ကျော်ပြီး ရန်ကုန်တက္ကသိုလ် ရိပ်သာ လမ်းတလျောက်ကနေ အမေရိကန်သံရုံးရှေ့ထိ ချီတက် စုဝေးဆန္ဒပြခဲ့တဲ့ အတွက် ငြိမ်းစုစီ ပုဒ်မ (၁၉) နဲ့ အရေးယူမှာဖြစ်တယ်လို့ ကမာရွတ်မြို့နယ် ရဲစခန်း တာဝန်ရှိသူတဦးက ဗွီအိုအေကို အခုလိုပြောပါတယ်။

"လျှောက်ထားတဲ့နေရာနဲ့ ခွင့်ပြုတဲ့နေရာပေါ့။ ခွင့်ပြုတဲ့နေရာမှာ မလုပ်ပဲ လမ်းလျှောက်တဲ့နေရာမှာ သူတို့လုပ်တာပေါ့။ စည်းကမ်း မလိုက်နာတာပေါ့။"

မအင်ကြင်းနိုင်။ ။ အရေးယူမယ်ဆိုရင် ဘယ်သူတွေကို အရေးယူဖို့ ရှိပါလဲရှင့်။

"သူတို့လျှောက်ထားတဲ့သူနဲ့ ဆန္ဒပြတဲ့ဖြစ်စဉ်မှာ ပါတဲ့အဖွဲ့ပေါ့။ ခေါင်းဆောင်တဲ့ အဖွဲ့တွေ"

မအင်ကြင်းနိုင်။ ။ ဆန္ဒပြတဲ့အထဲမှာ သံဃာတော်တွေလည်း ဦးဆောင်ပါဝင်တဲ့ အခါကျတော့ သံဃာတော်တွေကျတော့ ဘယ်လိုပုံစံနဲ့ အရေးယူဖို့ရှိလဲရှင့်။

"သံဃာတော်တွေကျတော့ သံဃာတော်တွေရဲ့ စည်းမျဉ်းစည်းကမ်းတွေရှိတယ်လေ။ သံဃာတော်ကျတော့ သံဃာတော်ပိုင်းနဲ့ အရေးယူမယ်ထင်တယ်။ ဒီဥပဒေနဲ့ အညီ လျှောက်ထားမယ်။ သတ်မှတ်ခွင့်ပြုတဲ့နေရာမှာ လုပ် ခွင့်ပြုတဲ့နေရာမှာ မလုပ်ဘူး မလိုက်နာဘူးဆိုရင်တော့ ဥပဒေနဲ့အညီပဲ ကျနော်တို့ အရေးယူတာပေါ့။ ။

ဆန္ဒပြသူတွေဟာ အမေရိကန်သံရုံးရှေ့ဆန္ဒပြဖို့ အာဏာပိုင်တွေကို ခွင့်ပြုချက် တောင်းခဲ့ပေမယ့် အဲဒီနေရာအစား ဗိုလ်စိန်မှန်ကွင်းမှာသာ ဆန္ဒပြဖို့ ဧပြီလ (၂၆)ရက်နေ့မှာ ကမာရွတ်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့က ခွင့်ပြုခဲ့ပြီး သတ်မှတ်ချက်ကို လိုက်နာမှုမရှိဘူး ဆိုရင် ပုဒ်မ (၁၉)နဲ့ အရေးယူမှာဖြစ်တယ်လို့ ကြိုတင် သတိပေးထားကြောင်း ရဲတပ်ဖွဲ့ကပြောပါတယ်။

အခုလို မဘသဦးဆောင်တဲ့ အမျိုးသားရေးဝါဒီအဖွဲ့ဝင်တွေဟာ ခွင့်ပြုတဲ့နေရာကျော်ပြီး အမေရိကန်သံရုံးရှေ့မှာ ဆန္ဒပြခဲ့ကြတဲ့အတွက် ပုဒ်မ (၁၉)နဲ့ အရေးယူဖို့ အာဏာပိုင်တွေဘက်က စီစဉ်နေတာနဲ့ပတ်သက်လို့ ဥပဒေနဲ့ကိုက်ညီမှု ရှိမရှိ အာရှလူ့အခွင့်အရေးကော်မရှင် ရဲ့ မြန်မာနိုင်ငံဆိုင်ရာ တာဝန်ခံလည်းဖြစ်၊ ဥပဒေပညာရှင် တဦးလည်းဖြစ်တဲ့ ဦးမင်းလွင်ဦးကိုမေးကြည့်တော့-

"လွတ်လပ်စွာ စုဝေးခွင့်၊ လွတ်လပ်စွာ စီတန်းလှည့်လည်ခွင့် ဆိုတာတွေကတော့ ကျနော်တို့ နိုင်ငံတကာမှာလည်းပဲ ဥပဒေပြဌာန်းထားတာ ရှိပါတယ်။ ပြဌာန်းထားတဲ့ ဥပဒေ၊ နည်းဥပဒေတွေ အတိုင်း လိုက်နာဆောင်ရွက်တယ်ဆိုရင်တော့ အရေးယူဖို့ရာ လမ်းမရှိပါဘူး။ အဲ့တော့ ဒီဥစ္စာက ဖိနှိပ်တယ် မဖိနှိပ်ဘူးဆိုတာထက် ဒီခွင့်ပြုမိန့် တောင်းတယ် မတောင်းဘူးဆိုတဲ့ ကိစ္စအပေါ်မှာ အများကြီး မူတည်ပါတယ်။ အဲ့တော့ ဒီအစိုးရသစ်လက်ထက်မှာ ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့် နဲ့ ပတ်သက်လို့ ကျနော်တို့ ကြားသိရသလောက်ကတော့ အစိုးရ ကိုယ်တိုင်ကိုက ဆန္ဒပြခွင့်ကို ခွင့်ပြုထားပြီးသားဖြစ်တယ်။ အဲ့တော့ အဲ့လိုမျိုး ခွင့်ပြုတဲ့နေရာမှာ ရုန့်ရင်းဆန်ခတ်တွေ မဖြစ်စေဖို့ ဥပဒေမဲ့လုပ်ရပ်တွေ မဖြစ်စေဖို့ အတွက် ရဲတပ်ဖွဲ့ကိုလည်း ညွှန်ကြားထားပြီးဖြစ်တယ်လို့ ကျနော်တို့ သိရပါတယ်။ အဲ့ဒီ့မှာ ဥပဒေ၊ နည်းဥပဒေပါ ပြဌာန်းချက်တွေအတိုင်း လိုက်နာ လုပ်ဆောင်မယ်ဆိုလို့ရှိရင်တော့ ဒါ အရေးယူနိုင်ဖို့ရာ အကြောင်း မရှိဘူးလို့ ကျနော်တို့မြင်ပါတယ်။"

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၁၈)နဲ့ (၁၉)တို့အရ ဆန္ဒပြသူတွေဟာ ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်ရှိပေမယ့် ကြိုတင်ခွင့်ပြုချက်တောင်းခံရမှာဖြစ်သလို၊ ခွင့်ပြုချက်ရထားတဲ့နေရာမှာပဲ ဆန္ဒပြခွင့်ရှိတာဖြစ်ပါတယ်။ အခုလိုဆန္ဒပြသူတွေ အရေးယူမယ်ဆိုတဲ့ အချိန်ဟာ နိုင်ငံရေးအရဖိနှိပ်တဲ့ ဥပဒေတွေကိုဖျက်သိမ်းမယ်လို့ အစိုးရကကြေညာထားတဲ့အချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။

XS
SM
MD
LG