သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗိုလ်မှူးကြီးဗထူး နှစ်တရာပြည့် အထိမ်းအမှတ် ဆင်နွှဲ


ဗိုလ်မှူးကြီးဗထူး နှစ်တရာပြည့် အထိမ်းအမှတ် မှတ်တိုင်ဖွင့်ပွဲ (Than Min Htut)
ဗိုလ်မှူးကြီးဗထူး နှစ်တရာပြည့် အထိမ်းအမှတ် မှတ်တိုင်ဖွင့်ပွဲ (Than Min Htut)

ဖက်ဆစ်ဂျပန်တော်လှန်ရေးမှာ မြန်မာ့တပ်မတော်ကနေ ပထမဆုံးတော်လှန်ခဲ့တဲ့ ဗိုလ်မှူးကြီးဗထူး ရဲ့နှစ်၁၀၀ ပြည့်အခမ်းအနားကို သူကျဆုံးခဲ့ရာ ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ်ကျင်းပနေပြီး သူရဲ့ဇာတိမြေ တနင်္သာရီတိုင်းဒေသကြီးလောင်းလုံမြို့နယ် မှာတော့ မနက်ဖြန် မှာ ကျင်းပမှာဖြစ်ပါတယ်။ ရွာငံမြို့နယ်မှာတော့ ဒီကနေ့ ကျောက်တိုင် စိုက်ထူပွဲကျင်းပခဲ့သလို မနက်ဖြန်မှာတော့ ကြေးရုပ်ဖွင့်ပွဲနဲ့ ရင်ပြင်ဖွင့်ပွဲအခမ်းအနား ကျင်းပဖို့ရှိနေရာမှာ ဒီအခမ်းအနားကို နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့က သဝဏ်လွှာပေးပို့ထားပါတယ်။ ဗိုလ်မှူး ကြီးဗထူးရဲ့ရာပြည့်အခမ်းအနားသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

မြန်မာပြည်ရဲ့ လွတ်လပ်ရေးသမိုင်းမှာ ထင်ရှားတဲ့ ဗိုလ်မှူးကြီးဗထူးရဲ့ ရာပြည့်ပွဲအခမ်းအနားကို သူကျဆုံးခဲ့ရာ ရှမ်းပြည်နယ်မြောက်ပိုင်း ရွာငံမြို့နယ်မှာ ဒီလ ၁၀ ရက်နေ့ကစတင်ပြီး ၃ ရက် တိုင် ကျင်းပနေတာ ဖြစ်ပါတယ်။

ဗိုလ်မှူးကြီးဗထူး နှစ်တရာပြည့်အခမ်းအနားကျင်းပနေတဲ့အခြေအနေကို ပွဲတော်ကျင်းပရေးကော်မတီ ဒုဥက္ကဋ္ဌ ဒေါက်တာ သန်းမင်းထွဋ်က အခုလို ပြောပါတယ်။

“ဒီနေ့ ၁၁ ရက်နေ့ မနက်ပိုင်းမှာ ရွာငံမြို့နယ် ၊ တဲလုဆိုတဲ့ရွာမှာ သူ့အရိုးအိုးရှိပါတယ်။ သူ့အရိုးအိုးက အရင်တုန်းက သစ်သားတိုင်လေးနဲ့ စိုက်ထားခဲ့တာ ဖက်စစ်တော်လှန်ရေးမှာ ကျသွားတဲ့ သူရဲကောင်းတယောက်ရဲ့ သစ်သားတိုင်လေးနဲ့ လုပ်ထားတဲ့အခါကျတော့ ကျနော်တို့က အဲဒီသစ်သား တိုင်လေးကို ကျနော်တို့က ၁၅ ပေအမြင့်ရှိတဲ့ ကျောက်တိုင်တခု ကျနော်တို့ တည်လိုက်ပါတယ်။ တည်ပြီးတော့ ဒီနေ့မနက်မှာ ဖွင့်ပွဲလုပ်ပါတယ်။ မနက်ဖြန်မနက် ၁၀ နာရီမှာတော့ ဗထူးကြေးရုပ်နဲ့ ဗထူးရင်ပြင် ဆိုပြီး ဖွင့်ပွဲအခမ်းအနား လုပ်ဖို့ ကျနော်တို့ ရည်ရွယ်ထားပါတယ်။ အဲဒီအခမ်းအနားကို နိုင်ငံတော်သမ္မတကြီးဦးထင်ကျော် နောက် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့ကနေပြီးတော့ သဝဏ်လွှာပေးပို့ ထားပါတယ်။ နောက်ပြီးတော့ ဘဘ ဦးသိန်းဦးကနေပြီးတော့ ဗွီဒီယိုဖိုင်နဲ့ speech တခု ကျနော်တို့ဆီကို ပို့ထားပါတယ်။ ”

ဒီလ ၁၀ရက်နဲ့ ၁၁ ရက်နေ့မှာ ဗိုလ်မှူးကြီးဗထူးအမှတ်တရစာပေဟောပြောပွဲတွေ စီစဉ်ထားကြောင်းနှင့် ရာပြည်မဂ္ဂဇင်းလည်း ဖြန့်ချိနေကြောင်းလည်း ပြောပါတယ်။

ဗိုလ်မှူးကြီးဗထူး ရာပြည့်ပွဲကျင်းပရတာနဲ့ပတ်သက်လို့လည်း အခုလို ဆက်ပြော ပါတယ်။

“အဓိက ဗိုလ်မှူးကြီးဗထူး ဟာ မြန်မာ့သမိုင်းမှာတော်တော်လေး မေ့ပျောက် ခံထားရတဲ့ပုဂ္ဂိုလ် လည်းဖြစ်တယ်။ သူ့သမိုင်းနဲ့ ပတ်သက်တဲ့ အကြောင်း တွေက တော်တော်လေးလည်း မှားနေတယ်။ မှားတဲ့အခါကျတော့ ကျနော်တို့အနေနဲ့ အမှန်ပြန်ပြင်ချင်တယ်။ နောက်ပြီးတော့ လူတွေ သူ့ကိုမေ့ပျောက်အောင်လုပ်တာပေါ့နော် အရှေ့စစ်အာဏာရှင် ခေတ်အဆက်ဆက် က မေ့ပျောက်အောင်လုပ်ပေမယ့် ကျနော်တို့ သမိုင်းဆိုတာ ဖျောက်လို့မရဘူး ၊ ကျနော်တို့ ပြည်သူတွေရဲ့ရင်ထဲမှာ သူရှိနေတယ်ဆိုတာ ကျနော်တို့ပြချင်တယ်။ အဲဒီအတွက်လည်း ဒီရာပြည့်ပွဲကိုကျင်းပတာဖြစ်ပါတယ်။ သမိုင်းရင်းအမှန်တွေပြန်ပေါ် ချင်လို့လည်း ကျင်းပတာဖြစ်ပါတယ်။”

ဗိုလ်မှူးကြီးဗထူးနဲ့ပတ်သက်ပြီး သူကျဆုံးခဲ့ရာနေရာဟာ ရွာငံမြို့နယ် တဲ့လုရွာဖြစ်ကြောင်း၊ မွေးဖွားရာဇာတိဟာ လောင်းလုံမြို့နယ် လေးသွန်းခံရွာဖြစ်ကြောင်းနဲ့ ဦးဘထွန်းနဲ့ ဒေါ်စိန်မြရင်တို့က ၁၉၁၆ ဇူလိုင်လ ၁၂ရက်နေ့မှာ မွေးဖွားခဲ့တာဖြစ်ကြောင်း ၊ အချို့စာအုပ်စာတမ်းတွေမှာ အချက်အလက်အမှားအယွင်းများရှိနေကြောင်းလည်း ထောက်ပြပါတယ်။

တနင်္သာရီတိုင်းဒေသကြီး လောင်းလုံမြို့မှာလည်း ဒီလ ၁၂ ရက်နေ့မှာ ရာပြည့်ပွဲအခမ်းအနားကျင်းပဖို့ စီစဉ်ထားကြောင်း ထားဝယ်တိုင်းရင်းသားများပါတီ ဥက္ကဌ ဦးအေးမင်းက ပြောပါတယ်။

“မနက်ပိုင်းကျတော့ ဘုန်းကြီးကျောင်းမှာလေ ဝတ်ရွတ်ပွဲ ဗိုလ်မှူးကြီးဗထူး အတွက် ရည်စူးပြီးတော့ အမျှဝေ သံဃာအပါး ၁၀၀ ကို ကျနော်တို့ ဆွမ်းကျွေးမယ်ခင်ဗျ။ ပြီးတဲ့အခါကျတော့ ဗိုလ်မှုးကြီးဗထူးရဲ့ ရုပ်ထုမှာ သွားပြီးတော့ အလေးပြုကြမယ်။”

ဒီနှစ်အတွင်းမှာပဲ အထိမ်းအမှတ် မဂ္ဂဇင်းထုတ်ဝေဖို့နဲ့ လေးသွန်းခံရွာမှာ ရုပ်ထုသွန်းလုပ်ထားရှိဖို့ စီစဉ်ထားကြောင်းလည်း ပြောပါတယ်။ လောင်းလုံမြို့မှာ ဗိုလ်မှူးကြီးဗထူး အထိမ်းအမှတ်အခမ်းနားကို ပြည်သူတွေက ၂၀၁၄ခုနှစ်တည်းက စတင်ကျင်းပပြီး ဒီနှစ်မှာတော့ ရာပြည့်ပွဲဖြစ် ပြည်သူတွေနဲ့ တိုင်းဒေသကြီး အစိုးရ ပူးပေါင်းကျင်းပကြမှာဖြစ်ပါတယ်။

မြောက်ပိုင်းတိုင်းမှုးဗိုလ်မှူးကြီးဗထူး ဟာ အခြေအနေအရပ်ရပ်ကြောင့် တပြည်လုံး ဖက်ဆစ်ဂျပန်တော်လှန်ရေး မစတင်မီ မတ်လ ၈ နေ့ကတည်းက စတင်ခဲ့ပြီး ဇွန်လ ၂ရက်နေ့ မှာ ငှက်ဖျားရောဂါကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ ကျဆုံးပြီးတဲ့နောက်မှာ ဗိုလ်မှူးအဆင့်ကနေ ဗိုလ်မှူးကြီးအဆင့်ကို တဆင့်ကျော်တိုးမြှင့်ခဲ့သလို ရှမ်းပြည်နယ် ရပ်စောက်မြို့အနီးမှာ ဗထူးတပ်မြို့ကိုလည်း အမှတ်တရ တည်ထောင်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG