သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်းတိုင် စစ်လက်နက်ပစ္စည်း သိုလှောင်ရေးတပ်မှာ မီးလောင်


မြန်မာစစ်အစိုးရရဲ့ လက်နက် သိုလှောင်တဲ့ တပ်စခန်းတခုမှာ မနေ့ညနေပိုင်းက မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။ ပဲခူးမြို့နဲ့ ၁၀ မိုင်လောက် အကွာမှာရှိတဲ့ ပင်မ လက်နက်ခဲယမ်း သိုလှောင်ရေးတပ်မှာ မီးလောင်မှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ အပြည့်အစုံကို မသိင်္ဂီထိုက်က တင်ပြပေးထားပါတယ်။

ပဲခူးတိုင်း အင်းတိုင်မြို့နယ်မှာရှိတဲ့ အင်းတိုင် ပင်မ လက်နက်ခဲယမ်း သိုလှောင်ရေးတပ်မှာ ကြာသပတေးနေ့ ညနေပိုင်းက မီးလောင်မှု ဖြစ်ပွားခဲ့တာလို့ ပဲခူးမြို့ခံတဦးက ပြောပါတယ်။

“အင်းတိုင် COD ဆိုတာ ပဲခူးနဲ့ ၁၀ မိုင်ကွာတယ်၊ စစ်လက်နက်ပစ္စည်း သိုလှောင်ရေးတပ်ပဲ။ အဲဒီမှာ တပ်က အကျယ်ကြီး၊ တောင်သုံးလုံးနားမှာ။ ညနေ ၅ နာရီခွဲ၊ ၆ နာရီလောက်က လောင်တယ်လို့ ကျနော်တို့ သိရတယ်။ အခု ကျနော်တို့သိတဲ့ အချိန်အထိတော့ မီးသတ်ကားတွေ ပြန်မရောက်သေးဘူး။ ဝေါ၊ သနပ္ပင်၊ ပဲခူး မီးသတ်တွေလည်း သွားတယ်။ ပြန်မရောက်သေးဘူး။

“ရဲတွေကလည်း လောင်တာမှန်ကြောင်း ပြောပြတာပဲ သိသေးတယ်။ စစ်တပ်က လက်နက်သိုလှောင်တဲ့ စက်ရုံ မီးလောင်တယ်ဆိုတာ အန္တရာယ်လည်း ရှိတယ်၊ နောက်တခုက သွားကြည့်တဲ့ လူတွေကိုလည်း စစ်ဆေးမေးမြန်းခြင်း ခံရမှာမို့ လူတွေက ကြောက်ပြီး ခပ်လှမ်းလှမ်းကပဲ ကြည့်တယ်၊ သတင်းစုံစမ်းနေတယ်။”

ပဲခူးမြို့နဲ့ ၁၀ မိုင်ခန့်အကွာမှာရှိတဲ့ လက်နက်ခဲယမ်း သိုလှောင်ရေးတပ်မှာ မီးလောင်နေတာကို ငြှိမ်းသတ်ဖို့အတွက် ပဲခူးတိုင်းနဲ့ ရန်ကုန်တိုင်း အတွင်းက မီးသတ်ဌာနတွေက လိုက်ပါ ငြှိမ်းသတ်နေရတယ်လို့ ပဲခူးဒေသခံတဦးက ပြောပါတယ်။

“မီးသတ်ကား ၂ စီးသွားတယ်၊ ရှေ့ကနေ စစ်ကားတစီး ပါသွားတယ်။ ပဲခူးမြို့က အထွက်မှာ။ ကျနော်တို့ကလည်း ပဲခူးမြို့နားမှာပဲ လောင်တယ်အောက်မေ့လို့။ တအောင့်လောက်ကြာတော့ သတင်းက ၀င်လာတာပေါ့၊ တောင်သုံးလုံးက စစ်တပ်က လက်နက်တွေထားတဲ့ နေရာမှာ ပေါက်ကွဲမှုတွေ ဖြစ်တယ်ပေါ့လေ။”

ညနေ ၆ နာရီလောက် ကတည်းက မီးလောင်မှုကို သွားရောက် ငြှိမ်းသတ်နေတဲ့ မီးသတ်ကားတွေ ညသန်းခေါင်အချိန်အထိ စခန်းကို ပြန်မရောက်လာကြသေးပါဘူး။ မီးစတင်လောင်ကျွမ်းရတဲ့ အကြောင်းရင်းနဲ့ အပျက်အစီး ဘယ်လောက်ရှိတယ် ဆိုတာကိုတော့ အတိအကျ မသိရှိရသေးပါဘူး။

XS
SM
MD
LG