သုံးရလွယ်ကူစေသည့် Link များ

ပဲခူး ရေကြီးမှုကြောင့် လူအများအပြား ရွှေ့ပြောင်းကြရ


ပဲခူးမြစ်ရေဟာ ဒီကနေ့ စိုးရိမ်ရေမှတ် အထက်ကို ကျော်လွန် ရောက်ရှိနေပြီး ပဲခူးမြို့အတွင်းက ၁၀ ရပ်ကွက်လောက်နဲ့ အနီးအနားက ကျေးရွာ ၁၀ ရွာလောက်မှာ ရေလွှမ်းမိုးနေပါတယ်။ လောလောဆယ်မှာတော့ ပဲခူးမြို့ပေါ်မှာ ရေဘေးဒုက္ခသည် ၁,၀၀၀ ကျော်လောက် ရှိမယ်လို့ ခန့်မှန်းထားပြီး မြို့ရွာတွင်းက စေတနာရှင်တွေက ထမင်းထုပ်တွေ ပေးပို့နေရသလို စာသင်ကျောင်းတွေကိုလည်း ပိတ်ထားရပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြပေးထားပါတယ်။

ပဲခူးမြစ်ရေဟာ လွန်ခဲ့တဲ့ ရက်တွေကတည်းက စတင်ပြီး တဖြည်းဖြည်း တက်လာရာက မနေ့ကတော့ စိုးရိမ်ရေမှတ်ဖြစ်တဲ့ ၉၁၀ စင်တီမီတာကို ကျော်လွန် ရောက်ရှိလာနိုင်ကြောင်း မိုးလေဝသနဲ့ ဇလဗေဒ ဦးစီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒီကနေ့မှာတော့ စိုးရိမ်ရေမှတ် အထက်ကို ၁၀ စင်တီမီတာ (၄ လက်မ) လောက် ကျော်လွန်လာနေပြီး လောလောဆယ် ရေလွှမ်းမိုးနေတဲ့ အခြေအနေကို ပဲခူးမြို့က ရှေ့နေကြီး ဦးအေးမြင့်က အခုလို ပြောပါတယ်။

“ရေအမှတ်ကတော့ မနေ့က ညနေကအထိ ၉၁၃၊ အခုကတော့ ၉၂၀ နီးပါးလောက် ရှိတယ်။ ပဲခူး၊ ရန်ကုန် ကားလမ်းမ ရေကျော်နေတယ်။ ရွှေသာလျောင်း ဘုရားလမ်း တောက်လျှောက်၊ ကျောက်ကြီးစုရပ်ကွက်၊ အုန်းနှဲစု၊ မဇင်း ၁ လမ်း စတာတွေ ရေကျော်နေတယ်။ လောလောဆယ်မှာတော့ ရပ်ကွက်က ၁၀ ရပ်ကွက်လောက်။ ကျေးရွာကလည်း လေးငါးဆယ်ရွာလောက်။ ပဲခူးမြို့ အနောက်ဖက်က ရှိတဲ့ အဝိုင်းတို့၊ အုတ်ဖိုကျုံးရိုးတို့၊ ပဲခူးချောင်းရဲ့ အနောက်ဘက်ကမ်း၊ အရှေ့ဘက်ကမ်း နီးစပ်ရာ ချိုင့်ဝှမ်းရွာတွေပေါ့။ ဘုရားကြီး၊ အဝိုင်းကွေ့၊ ရွှေလှေ၊ စတဲ့ရွာတွေပေ့ါ။ ဟိုးအောက်ဘက်ဆို အထက်စည်တီး၊ အောက်စည်တီး အဲဒီဘက်တွေရော ဖြစ်နေတာ။”

ရန်ကုန်၊ မန္တလေး ကားလမ်းကို ရေကျော်ပေမဲ့ အခုအချိန်ထိတော့ အသွားအလာ ရှိနေဆဲပဲ ဖြစ်ပါတယ်။ ပဲခူးမြို့ပေါ် ရပ်ကွက်တွေထဲက အိုးလေးစု၊ ကျောက်ကြီးစု၊ ဘူတာဝင်းနဲ့ ရွာသစ်ပိုင်းတွေမှာဆိုရင် ရေဟာ ၆ ပေကျော်အထိ တက်နေတာကြောင့် အိမ်ကြမ်းခင်းအထိ ရေမြုပ်နေပြီး လှေနဲ့ သွားလာနေရတယ်လို့ ပြောပါတယ်။ ပဲခူးမြို့ပေါ်မှာရှိတဲ့ ရေဘေးဒုက္ခသည်တွေရဲ့ အခြေအနေကို ဦးအေးမြင့်က အခုလို ဆက်ပြောပြပါတယ်။

“အခု အနောက် ရွှေနံ့သာကျောင်းမှာတော့ ၁,၀၀၀ နီးပါးလောက် တွေ့ရတယ်လေ။ ကျန်တဲ့ဟာလည်း သူ့ရပ်ကွက်၊ သူ့ဓမ္မာရုံ၊ သူ့စာသင်ကျောင်း ဖြစ်သလိုနဲ့ နေနေကြတယ်။ ဆွေမျိုးတွေအိမ် တက်နေနေတာ ရှိတယ်။ အနောက် ရွှေနံ့သာကျောင်းမှာတော့ ဆရာတော်က ၂ ရက်ရှိပြီ၊ ဒုက္ခသည်တွေကို လက်ခံတယ်။ ဆရာတော်က မနက်ဆိုရင် ဆန် ၇ အိတ်၊ ညနေဆိုရင် ဆန် ၇ အိတ်၊ ဆန်တွေ ဝေပေးတယ်။”

ဒီကနေ့ မနက်မှာတော့ ရေဘေးဒုက္ခသည်တွေကို သံဃာတော်တွေက ဦးဆောင်ပြီး ထမင်းထုပ်တွေ လိုက်လံဝေငှတာတွေ ရှိသလို ရပ်ကွက် အာဏာပိုင်တွေကလည်း ထမင်းထုပ် ကောက်ယူပြီး ဝေငှတာတွေ ရှိနေပါတယ်။

ဒီအခြေအနေကို ကိုယ်တိုင် ထမင်းထုပ် ဝေငှခဲ့တဲ့ ပရဟိတ ကျောင်းတိုက်က ဆရာတော် ဦးကိတ္တိက အခုလို မိန့်ကြားပါတယ်။

“ဒီနေ့ သွားပို့ရတာ အထုပ်ရေ အားလုံး ၆၄၀ ပေါ့။ အခု ရွှေနံ့သာရပ်ကွက်ကို သွားပို့ပါတယ်။ အဲဒီဘက်မှာတော့ တနေရာ တနေရာမှာ ၅၀၀ ရှိတယ်၊ ၆၀၀ ရှိတယ်၊ ၃၀၀ ရှိတယ်ပေါ့။ စားရေးသောက်ရေး အတွက်က ဘုန်းကြီးကျောင်းတွေကနေ လိုက်ပြီးတော့ ထမင်းထုပ်တွေ ပို့ကြပါတယ်။ မြို့ထဲက လူတွေလည်း ထမင်းထုပ်တွေ ပို့ပါတယ်။ ဒီပြင်လူတွေကတော့ ပြည်သူလူထုကတော့ ရပ်ကွက်ဥက္ကဋ္ဌတွေက နေပြီးတော့ တအိမ်တထုပ် ထမင်းထုပ်တွေတောင်း၊ တောင်းတာကို ရပ်ကွက်ကိုပေး၊ ရပ်ကွက်လူကြီးတွေကနေ တခါ ပြန်ပို့ပေါ့။ ဘုန်းကြီးအနေနဲ့ကတော့ မိုးဆက်ရွာနေရင် နောက်ထပ် ၅ ရက်လို့တော့ တွက်ထားပါတယ်။ ၅ ရက်ဆိုလည်း ဘုန်းကြီးကတော့ ၅ ရက် ကိုယ်နိုင်သလောက် လိုက်လှူမှာပဲလေ။”

ပဲခူးမြို့ အနီးအနားဝန်းကျင် ရွာတွေက ရေဘေးဒုက္ခသည်တွေရဲ့ အခြေအနေကိုတော့ အသေးစိတ် မသိရသေးပါဘူး။ အာဏာပိုင်တွေက သွားရောက် စစ်ဆေး ကြည့်ရှုတာတွေတော့ ရှိတယ်လို့ ပဲခူး ဒေသခံတွေက ပြောပါတယ်။

အခုအခါမှာ သွားလာရေး ခက်ခဲတာနဲ့ ကျောင်းတွေပေါ်မှာ ဒုက္ခသည်တွေ လာရောက် ခိုလှုံနေတာကြောင့် ပဲခူးမြို့ပေါ်က စာသင်ကျောင်းတွေကို ပိတ်ထားရသလို မြို့ပေါ်ရပ်ကွက် အချို့မှာတော့ သောက်သုံးရေ အခက်အခဲ ဖြစ်နေရပါတယ်။

အခုလို ပဲခူးပတ်ဝန်းကျင် ရေကြီးနေတဲ့ ကျေးရွာတွေ အနက်က တချို့ဟာ ပြီးခဲ့တဲ့ နွေရာသီက ပူပြင်းလွန်းတာကြောင့် ရေတွင်းရေကန်တွေ ခန်းခြောက်ပြီး သောက်သုံးရေ ပြတ်လပ်ခဲ့တဲ့ ကျေးရွာတွေလည်း ပါဝင်ပါတယ်။ ဒီကနေ့အထိတော့ ပဲခူးမြို့နယ် အတွင်းမှာ ရေလွှမ်းမိုးတာကြောင့် အသေအပျောက် မရှိဘူးလို့ သိရပါတယ်။

ပဲခူးမြို့က ရပ်ကွက် အတော်များများဟာ မိုးရာသီမှာ နှစ်စဉ်နှစ်တိုင်း ရေလွှမ်းမိုးလေ့ ရှိပါတယ်။ အခုတကြိမ် ရေကြီးတာကတော့ ဧရာဝတီမြစ် အထက်ပိုင်းမှာ မိုးများတာရယ်၊ ပဲခူးမြစ်မှာ ဒီရေတက်ချိန်ရယ်နဲ့ ပဲခူးမြို့အနီး ဆည်တွေက ရေဖောက်ချတာတွေ တိုက်ဆိုင်တာကြောင့် ဖြစ်နိုင်ကြောင်း သုံးသပ်တာတွေလည်း ရှိနေပါတယ်။

လွန်ခဲ့တဲ့အပတ် အတွင်းကလည်း မိုးကြီးခဲ့တာကြောင့် မန္တလေးတိုင်း အတွင်းက ဝမ်းတွင်း၊ မလှိုင်နဲ့ နွားထိုးကြီးမြို့နယ်တွေ အတွင်းမှာ ရေလွှမ်းမိုးခဲ့ပြီး ကလေးငယ်တယောက် သေဆုံးခဲ့ရတယ်လို့ အစိုးရပိုင် သတင်းစာမှာ ဖော်ပြပါတယ်။

XS
SM
MD
LG