သြဂုတ်လ ၉ ရက်နေ့ကတည်းက ပဲခူးမြို့မှာ ရေကြီးနေခဲ့တာဟာ တပတ်ကြာပြီ ဖြစ်ပေမဲ့ ရေက သိသိသာသာ ကျမသွားသေးပါဘူး။ အဲဒီအပြင် ရေဘေးဒုက္ခသည်စခန်း ၂၅ ခုမှာ နေထိုင်နေကြတဲ့ ရေဘေးဒုက္ခသည် ၁၀,၀၀၀ ကျော်ဟာ သောက်သုံးရေ ပြတ်လတ်တဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရပြီ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ အာဏာပိုင်တွေက ရေဘေးဒုက္ခသည် စခန်းတခုကို ပိတ်ပစ်လိုက်တယ်လို့ သိရပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် မအေးအေးမာက တင်ပြပေးထားပါတယ်။
ပဲခူးမြို့က ရေကြီးမှုကြောင့် ရေဘေးဒုက္ခအပြင် သောက်ရေပြတ်လတ်မှုတွေကိုပါ ဒုက္ခသည်တွေက ကြုံနေရတာပါ။ ပဲခူးမြို့မှာ တပတ်ကြာ ရေကြီးနေတာတွေက ထင်သလောက် ရေကျသွားခြင်း မရှိသေးသလို ရေဘေးဒုက္ခသည်တွေလည်း နေရပ်ရင်းကို မပြန်နိုင်ကြသေးပါဘူး။ ဒုက္ခသည်စခန်း ၂၅ ခုက ရေဘေးဒုက္ခသည်တွေ သောက်ရေပြတ်လတ်မှုတွေတော့ ကြုံနေရတယ်လို့ ပဲခူးမြို့ခံ တဦးလည်းဖြစ်တဲ့ ရှေ့နေကြီး ဦးအေးမြင့်က အခုလို ပြောပါတယ်။
“ပဲခူးတမြို့လုံးမှာ ဒုက္ခသည်စခန်း ၂၅ ခုရှိပါတယ်။ အနိမ့်ဆုံး ခန့်မှန်းချေကတော့ ၂၅ ခု၊ လူဦးရေ ၁၅,၀၀၀ လောက်။ သူတို့ရဲ့ ရေဘေးနေရာမှာတော့ သောက်ရေ သောက်စရာ မရှိဘူး။ ရေဘေးဒုက္ခသည် စခန်းမှာလည်း ကိုယ့်အိမ်ကိုယ့်ရပ်လို မဟုတ်တဲ့အတွက် လူကလည်း ထောင်နဲ့ချီပြီး စခန်းတခုကို ရှိနေတဲ့အတွက် သောက်ရေရှားတယ်။”
သာမဏေကျော် စာသင်တိုက်၊ မင်္ဂလာရာမကျောင်းတိုက် ပရဟိတ ဆရာတော် ဦးကိတ္တိ ဦးဆောင်တဲ့ သံဃာတော်တွေ၊ ရပ်မိရပ်ဖတွေ၊ စေတနာရှင်တွေကတော့ ရေတွေကို ပေးလှူနေကြဆဲ ဖြစ်ပါတယ်။ ပဲခူးမြို့မှာတော့ အခုအခါမှာ သံဃာတော်တွေ ဦးဆောင်ပြီး ရေလှူဒါန်းမှုတွေ ဆက်လုပ်နေရတုန်းပဲလို့ ဆိုပါတယ်။
“ဒီညနေပိုင်း ဆိုရင်တော့ လေးမျက်နှာတို့၊ ယင်းဆိပ်တို့၊ အောက်ဘက် ထန်းသုံးပင်ရွာတို့ကို ဦးကိတ္တိက လိုက်လံပြီး လှူနေတယ်။ သောက်ရေသန့် ကား ၃ စီးနဲ့ ရေသန့်တွေ လှူနေတာ တွေ့ရတယ်။ အခုအချိန်ထိ တွေ့နေတုန်းပဲ။”
ပဲခူးမြို့ ကားလမ်းမတွေပေါ်မှာ ရေကျသွားပေမဲ့ ရပ်ရွာထဲမှာတော့ ရေက ပေါင်လယ်လောက်ထိ ရှိနေဆဲပဲလို့ ဆိုပါတယ်။ ရေဘေးဒုက္ခသည် စခန်းတွေ များလာတာနဲ့ ပတ်သက်လို့ အာဏာပိုင်တွေဘက်က ဘဝင်ကျမှု သိပ်မရှိသလို ဒီနေ့မှာပဲ ဒုက္ခသည်စခန်း တခုကို ပိတ်ပစ်လိုက်တယ်လို့ ဆိုပါတယ်။
“ဌာနဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်တွေကတော့ ရေဘေးဒုက္ခသည် စခန်းတွေကို ပိတ်ဖို့ ကြိုးစားနေတာ တွေ့ရတယ်။ ဒီနေ့ ပထမဆုံး စပြီး ဒုက္ခသည်စခန်း ပိတ်သိမ်းတာကတော့ ရွှေမော်ဓောဘုရား အနောက်ဘက်မှာရှိတဲ့ သာသနာ့ဗိမာန်မှာ ဒုက္ခသည်အဖြစ် နေနေရတဲ့ ကျောက်ကြီးစုရပ်ကွက်၊ ကျောက်သုံးလုံးရပ်ကွက်၊ မြို့သစ် ဂ ရပ်ကွက်မှာရှိတဲ့ ရပ်ကွက် ၃ ခုက လူတွေကတော့ ဒီနေ့မနက် ၉ နာရီ၊ ၁၀ နာရီလောက်မှာပဲ ရှိသမျှ သူတို့ ပစ္စည်းလေးတွေ သိမ်းပြီးတော့ နေရပ် ပြန်သွားရတယ်။ ဌာနဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်တွေက ရေဘေးဒုက္ခတွေ ကင်းပြီဆိုပြီးတော့ ဒီဟာကို ပိတ်သိမ်းလိုက်လို့ ပြန်သွားရတာ ဒီနေ့ အဲဒီတခုတော့ တွေ့ရှိရတယ်။”
သောက်သုံးရေ ပြတ်လတ်နေတာကြောင့် ဒုက္ခသည်စခန်းတွေမှာ ရှိနေကြတဲ့ ကလေးတွေအတွက် စိုးရိမ်ရတာတွေ၊ သုံးရေကလည်း လုံလောက်မှု မရတာကြောင့် အပေါ့အလေးသွားတဲ့ ကိစ္စတွေကအစ အခက်အခဲတွေ ရင်ဆိုင်နေရတာပါ။ ရေအခက်အခဲကြောင့် နောက်ဆက်တွဲအဖြစ် ကျန်းမာရေး ထိခိုက်တာတွေလည်း ဖြစ်လာရပြီး ရေရှားပါးမှုကြောင့် တခြား ရောဂါဘယတွေလည်း ဖြစ်ပေါ်လာတော့မှာ ဖြစ်ကြောင်း ဒေသခံတွေက ဆိုပါတယ်။
နှစ်ပေါင်း ၄၀ ကျော်အတွင်း ပဲခူးမြို့မှာ မိုးကြီးပြီး မြစ်ရေကြီးမှုကြောင့် ဒေသခံ ပြည်သူတွေ ရေဘေးဒုက္ခကို ရင်ဆိုင်ရရုံသာမက ပဲခူးတိုင်း အရှေ့ခြမ်းနဲ့ ပဲခူးတိုင်း အနောက်ခြမ်းက လယ်ယာမြေတွေလည်း ပျက်စီးဆုံးရှုံးခဲ့ရတာကြောင့် လယ်သမားတွေက ပိုမို ဒုက္ခရောက်နေရတာလည်း ဖြစ်ပါတယ်။
ရေဘေးဒုက္ခသည် စခန်းတွေကို ရေအကူအညီ ပေးနေသူတွေ ရှိပေမဲ့ လယ်သမားတွေ လယ်ယာပျက်စီးမှုတွေ၊ စပါးစိုက်ပျိုး မရတော့တဲ့ အခြေအနေတွေကို ဖြေရှင်းပေးမယ့် အကူအညီ ပေးတာမျိုးတွေ မရှိသေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။ ဒီနှစ်မှာ အခုလို ရေဘေးဒုက္ခ ဖြစ်နေရတဲ့အတွက် စပါးတွေ ထွက်ဖို့လည်း အခက်အခဲတွေ ဖြစ်နေကြောင်းကိုလည်း လယ်သမားတွေက ပြောဆိုနေကြပါတယ်။