သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

က၀ ရေဘေး ဒုက္ခသည်တွေ အကူအညီလိုအပ်


ရေဘေးဒုက္ခသည်တွေအတွက် ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ အရေးပေါ်လိုအပ်နေပါတယ်။
ရေဘေးဒုက္ခသည်တွေအတွက် ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ အရေးပေါ်လိုအပ်နေပါတယ်။
ပဲခူး စစ်တောင်းတူးမြောင်းက ရေဖေါက်ချမှုကြောင့် ပဲခူးတိုင်းဒေသကြီးက ကဝမြို့နယ်အတွင်းမှာ ရေလွှမ်းမိုး သွားခဲ့ပြီး အိမ်ခြေတော်တော်များများ ရေမြုတ်သွားခဲ့ပြီးတော့ ရေဘေး ဒုက္ခသည် (၁၅၀၀၀) လောက်ဟာလဲ အကူအညီ လိုအပ်နေတယ်လို့ အကူအညီပေးရေး အဖွဲ့တွေက ပြောပါတယ်။ ဒီဒုက္ခသည်တွေကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ကွန်ယက်အဖွဲ့နဲ့ ဒေသခံတွေ ကသာ တတ်နိုင်သလောက် အကူညီ ပေးနေရသလို အခုလိုရေကြီးနေတာကြောင့် စာသင်ကျောင်း တော်တော် များများ ပိတ်ထားရတယ်လို့ လဲ ပြောပါတယ်။ ဒီအခြေအနေ အပြည့်အစုံကိုတော့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက်နိုင်ကွန်းအိန်ကနေ ဆက်သွယ် မေးမြန်းပြီး သတင်းပေးပို့ ထားပါတယ်။

ပဲခူးတိုင်းဒေသကြီး ကဝမြို့နယ်ထဲက ကျေးရွာပေါင်း(၄၀)ကျော်ဟာရေဘေးသင့်နေပြီး အိမ်ခြေပေါင်း (၂၅၀၀) ကျော် ရေနစ်မြုတ်သွားပြီးတော့ လူဦးရေ(၁၅၀၀၀)ကျော် ရေဘေးဒုက္ခခံနေရပါတယ်။

ဒီရေဘေးဒုက္ခသည်တွေကို အမျိုးသားဒီမိုကရေအဖွဲ့ချုပ်ကနေ စားဝတ်နေရေးအတွက် အကူအညီပေးနေရသလို အစိုးရအနေနဲ့ ကူညီထောက်ပံ့ပေးတာမျိုးမရှိဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အကူအညီပေးရေးအဖွဲ့ ခေါင်းဆောင်တဦးဖြစ်သူ ပဲခူးခရိုင်ညီလာခံကျင်းပရေး ကော်မရှင်အတွင်းရေးမှူး ဦးတင့်လွင်ကပြောပါတယ်။
“အစိုးရအနေနဲ့အလှူကဘာမှမရှိဘူးဗျ။ ဖြစ်လောက်စရာမရှိဘူး။ ရွာထဲကဘဲ တတ်နိုင်တဲ့မိသားစုက မတတ်နိုင်တဲ့ မိသားစုတွေကို ကူညီတဲ့ထောက်ပံ့တဲ့သဘော အဲဒီလိုပေးတယ်။ ကျွန်တော်တို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပညာရေး ကွန်ယက်ရှိတယ်။ ကျောင်းသားတွေကလဲ စုပေါင်းပြီးလှူဒါန်းတယ်။ နောက် ကျွန်တော်တို့ပဲခူးခရိုင်က ဒီသဘာ၀ ဘေးအန္တရာယ် အကူညီပေးရေး ကွန်ယက်ကဆိုရင် ဒီနေ့ဆို ဆန်အိတ်(၅၀)ပေါ့။”

ကဝမြို့နယ် ဒုက္ခသည်စခန်းက ဒုက္ခသည်တွေအတွက် အကူအညီတွေ လိုအပ်နေဆဲလို့လဲ ဦးတင့်လွင်ကပြောပါတယ်။ ကဝမြို့နယ်ထဲက သက္ကလကျေးရွာအုပ်စုမှာ ရေကြီးနေတဲ့အခြေအနေကို သက္ကလရွာသူတဦးကအခုလိုပြောပါတယ်။

“ဒီသက္ကလမှာရေကြီးလာတာအရက်(၂၀)လောက်ရှိသွားပြီး။ ဒုက္ခသည်တွေက ဒီဘုန်းကြီးကျောင်း ထဲမှာ တည်းခိုနေရပါတယ်။ ကျားမ စုစုပေါင်း(၆၀၀) အခုဘုန်းကြီးကျောင်းမှာနေနေရပါတယ်။ လယ်ယာတွေလဲ ပျက်စီးတယ်။ အခုစိုက်ပြီးသားတွေ ပျက်စီးတာ။ ဒီသက္ကလရယ် သဲတန် သာယာကုန်း အဲဒီရွာတလျောက်က အကုန်လုံးပျက်စီးပါတယ်။”

ကဝမြို့နယ်အုန်းနှဲကျေးရွာအုပ်စု(၅)ရွာမှာဘဲရေဘေးသင့်သူ(၂၂၀၀)ကျော်ရှိနေပြီး ရေဘေးဒုက္ခသည်တွေ ကို တော့ အုန်းနှဲဘုရားကြီး ကုဿိဏရုံ ဘုရားနဲ့ခမဲပြင်ဘုရားတို့မှာ ကယ်ဆယ်ရေးခန်းဖွင့်ထားရပါတယ်။

ရေဘေးဒုက္ခသည်တွေရဲ့ကျန်းမာရေးစောင့်ရှောက်မှုအပိုင်းကို ကဝမြို့နယ်ဆရာဝန်တွေနဲ့ ကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့တွေကနေ ဆေးဝါးကုသပေးခဲ့သလို ကျန်းမာရေးပညာပေးရေး အပိုင်းတွေ လုပ်ဆောင် ပေးတာရှိနေတယ်လို့ဒေသခံတွေကပြောပါတယ်။

အခုလိုရေကြီးတဲ့အတွက် စာသင်ကျောင်းတွေအတော်များများပိတ်ထားရတယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကော်မရှင်အတွင်းရေးမှူး ဦးတင့်လွင်က အခုလိုပြောပါ တယ်။
“အဲတာတော့တော်တော်ဆိုးဝါးတယ်ခင်ဗျာ။ ကျောင်းတွေကပိတ်ထားရတယ်။ ကျွန်တော်တို့ဆီက အထက တကျောင်းရယ်။ အလက တကျောင်းရယ်။ အမက သုံးကျောင်းရယ်အားလုံးပိတ်တယ်။ ဒီသက္ကလဆိုရင်။ ကျန်တဲ့ရွာတွေမှာလဲ အမကတွေ အလကတွေ အားလုံးလောက်ပါဘဲ။ ဒီဘက်ရေမြုတ်ရွာတော်တော်များများ ရွာ(၄၀)ကျော်ကျောင်းတွေပိတ်ထားရတယ်။”

အခုလို ပဲခူးတိုင်း ဒေသကြီး ကဝမြို့နယ်အတွင်းရေကြီးရတဲ့အကြောင်းအရင်းကိုတော့ ဦးတင့်လွင်ကပဲ ဆက်ပြောပါတယ်။

“ဒီစစ်တောင်းမြစ်ဘက်ကိုတိုက်ရိုက်ပေါက်တဲ့တူးမြောင်းတွေရှိတယ်။ နောက်ပဲခူးစစ်တောင်း တူးမြောင်း ကနေ ဖေါက်ထားတဲ့ တူးမြောင်းတွေရှိတယ်။ ပုံမှန်ဆို ပဲခူးစစ်တောင်းတူးမြောင်းဟာ ပဲခူးမြစ်ကနေ ရန်ကုန်လှိုင်မြစ်ဝပေါ့။ အဲဒီလိုစီးသွားမဲ့ အနေအထားကို ပဲခူးမြစ်ရေ မတက်အောင် ဆိုပြီးတော့ အဲဒီရေ ကိုပါ ကျွန်တော်တို့ဆီ ဖေါက်ချလိုက်တယ်။ ဆိုတော့ စစ်တောင်းမြစ်ရေကလဲ ကျွန်တော်တို့ဆီဝင်လာခံရတယ်။ ပဲခူးစစ်တောင်း တူးမြောင်း ကလဲ ကျွန်တော်တို့ဆီဖြတ်ဝင်တယ်။ ပဲခူးစစ်တောင်းတူးမြောင်းကရေ ဖြတ်ဝင်တဲ့အခါကျတော့ ဟိုဘက်က တောင်ပေါ်ရေ တွေ ပါလာတယ်ဗျ။ အဲတာကြောင့်မို့ကဝမြို့နယ် တဝက်ကျော်ကျော် ရေကြီးတယ်ဗျ။”

အခုလို ရေကြီးမှုကြောင့် ကဝမြို့နယ်ထဲက လယ်ယာစိုက်ခင်း ဧကသုံးသောင်းကျော် ပျက်စီးခဲ့တယ်လို့လဲ ဦးတင့်လွင်က ပြောပါ တယ်။

အလားတူ ဧရာဝတီတိုင်းဒေသကြီးမှာလဲ အဆက်မပြတ်မိုးရွာသွန်းမှုကြောင့် မြို့နယ်(၂၁)မြို့နယ်က ကျေးရွာ (၈၀၀) နီးပါးနဲ့ မိုးစပါးဧက(၂)သိန်းနီးပါး ရေမြုပ်နေတယ်လို့ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးသိန်းအောင် က တရားဝင် ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

ဒီကနေ့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားရေးမှူး ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ စစ်တောင်းမြစ်ရေဟာ မဒေါက်မြို့မှာစိုးရိမ်ရေ အမှတ်ထက်(၃.၇)ပေကျော်လွန်နေပြီး နောက်(၃)ရက်အထိ ဆက်လက်တည်ရှိနေမယ် လို့ ထုတ်ပြန်ထားသလို ရွှေကျင်မြစ်ရေဟာလဲ ရွှေကျင်မြို့မှာ(၇)လက်မအထိကျော်လွန်နေတယ်လို့ သတင်း ထုတ်ပြန်ထားပါတယ်။
XS
SM
MD
LG