သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူငယ် နှစ်ဦး ဈာပန အခမ်းအနား ပဲခူး လုံခြုံရေး တင်းကျပ်


လူငယ် နှစ်ဦး ဈာပန အခမ်းအနား ပဲခူး လုံခြုံရေး တင်းကျပ်
လူငယ် နှစ်ဦး ဈာပန အခမ်းအနား ပဲခူး လုံခြုံရေး တင်းကျပ်

မြန်မာစစ်အစိုးရရဲ့ စစ်တပ် ခလရ ၅၉ က ပစ်သတ်လိုက်လို့ သေဆုံးသွားခဲ့ရတဲ့ ပဲခူးမြို့က လူငယ် ၂ ဦးရဲ့ အသုဘဟာ လုံခြုံရေး တင်းတင်းကျပ်ကျပ် ချထားပြီး ပဲခူးတမြို့လုံးမှာ အစည်ကားဆုံး အသုဘအဖြစ် ပြီးဆုံးသွားခဲ့ပါတယ်။ ဆန္ဒပြမယ်၊ ဆူပူမှုဖြစ်မယ်၊ ရန်ကုန်ကနေ အသုဘပို့သူတွေ လာကြမယ်ဆိုတဲ့ သတင်းကြောင့် အရပ်ဝတ် လုံခြုံရေးအင်အား အပြည့်ချထားပြီး ရန်ကုန်ကနေ အသုဘပို့ဖို့ လာတဲ့ ရှေ့နေ ဦးဖိုးဖြူနဲ့ အဖွဲ့ကိုလည်း ပဲခူးမရောက်ခင် အင်းတကော် ရဲစခန်းက တနာရီကျော်ကြာ ဖမ်းဆီးပြီး စစ်ဆေးမှုတွေ လုပ်ခဲ့ပါတယ်။ အပြည့်အစုံကို မအေးအေးမာက တင်ပြပေးထားပါတယ်။

အသက် ၁၈ နှစ်အရွယ် မောင်စိုးပိုင်ဇော်နဲ့ အသက် ၂၂ နှစ်အရွယ် မောင်အောင်သူဟိန်းတို့ ၂ ဦးကို စစ်တပ်က မတရား ပစ်သတ်လိုက်တယ်ဆိုပြီး ပဲခူးမြို့ခံတွေက မကျေမနပ် ဖြစ်နေပြီး အသုဘချတဲ့ ဒီနေ့မှာတော့ တမြို့လုံးက လုံခြုံရေးအရ တာဝန်ရှိတဲ့ အာဏာပိုင် အားလုံးက စောင့်ကြပ်မှုတွေ လုပ်ခဲ့သလို တမြို့လုံးက ပြည်သူတွေလည်း ထောင်နဲ့ချီပြီး အသုဘ လိုက်ပါပို့ဆောင်ကြပါတယ်။ စစ်တပ်က ထိန်းသိမ်းထားတဲ့ အလောင်းတွေကို ဒီနေ့မနက်မှာတော့ မိသားစုဝင်တွေနဲ့ သေဆုံးသူတွေရဲ့ သူငယ်ချင်းတွေကိုပဲ ပြသခဲ့ပြီး စစ်တပ်ရဲ့ အစီအစဉ်တွေနဲ့ အသုဘကို ချခဲ့ကြပါတယ်။ မိသားစုဝင်တဦး ပြောပြတာကတော့…

“လုံခြုံရေးတွေက တလမ်းလုံးပဲ၊ သချုႋင်းရောက်တဲ့ အထိပဲ။ သချုႋင်းကုန်းနဲ့ အိမ်နဲ့ အကုန်လုံး တောက်လျှောက်ပဲ။ မိုးလင်းကတည်းက လာကြည့်နေကြတော့ လူတအားများသွားတယ်။ ကျမတို့ မိသားစုတွေလည်း ရောက်ရော တန်းထွက်တာပဲ။ နည်းနည်းလေး စောထွက်တာပဲ ရှိတာပေါ့။ ကျန်တာတော့ အကုန်လုံး ဘာမှတော့ မဖြစ်ပါဘူး။ သူတို့ကလည်း ကျမတို့ပြောသလိုပဲ၊ ယူနီဖောင်းတော့ မပါဘူး၊ မာဖီတွေနဲ့ချည်းပဲ တလမ်းလုံး၊ အသုဘကား စထွက်ကတည်းက။

“အခေါင်းလည်း ကျမတို့ကားရောက်မှ ပြင်တယ်။ ကျမတို့ တူတွေကလည်း လူငယ်တွေဆိုတော့ ဖြစ်မှာကြောက်လို့၊ ကျမတို့လည်း ပြောတယ်၊ ကလေးတွေကို၊ မဖြစ်ပါနဲ့လို့။ ကိုယ့်ကလေးက မြေမကျသေးတော့ တခုခုဖြစ်မှာ ကျမတို့ အရမ်းစိုးရိမ်တယ်။ ကျမတို့ ကလေးတွေကိုလည်း ကျမတို့ ထိန်းတယ်။ မဖြစ်ပါနဲ့ဆိုတော့ သူ့သူငယ်ချင်းတွေကိုလည်း ပေးကြည့်တယ်။”

အသုဘပို့သူ အားလုံးကလည်း အလောင်းကို ကြည့်ရှုချင်ပေမဲ့ ကြည့်ရှုခွင့် မပေးသလို ဆူပူမှု၊ ဆန္ဒပြမှု ဖြစ်မှာကို အာဏာပိုင်တွေက အထူးစိုးရိမ်နေတယ်လို့ အသုဘ လိုက်ပို့သူ တဦးကလည်း အခုလိုပြောပါတယ်။

“ရန်ကုန်ကနေ ဆင်းလာမယ်တို့၊ အလောင်းကိုလုပြီး ဆန္ဒပြမယ်၊ အဲဒီလိုမျိုး အသံတွေ ကြားနေတဲ့အတွက် သူတို့က စိုးရိမ်ထိတ်လန့်ပြီး လုံခြုံရေး အပြည့်ယူထားတယ်။ ရယကတွေ တရပ်ကွက်ကို အယောက် ၂၀ လောက် ခေါ်ပြီးတော့ လမ်းတွေမှာလည်း တောက်လျှောက် ချထားတယ်။ အကုန်လုံးကတော့ ဘယ်သူက ကျေနပ်မလဲ၊ စိတ်ထဲမှာတော့ ရှိကြတာပေါ့။ ဒါပေမဲ့ လုံခြုံရေး အင်အားတွေက နေရာတကာမှာ တွေ့နေတော့ လူတွေကလည်း ပါးစပ်ပိတ်နေကြတာပေါ့။”

ဆူပူဖို့ ဆင်းလာတာ မဟုတ်ပေမဲ့ စစ်တပ်က ပစ်သတ်လို့ သေဆုံးသွားခဲ့တဲ့ လူငယ်လေးတွေရဲ့ ဈာပနကို လိုက်ပါပို့ဆောင်ဖို့ ရန်ကုန်က လာတဲ့ ရှေ့နေ ဦးဖိုးဖြူ အပါအဝင် လူ ၁၃ ဦးကိုတော့ အင်းတကော် ရဲစခန်းက တနာရီကျော်ကြာ ဖမ်းပြီး မှတ်ပုံတင်နဲ့ ကိုယ်ရေးရာဇဝင် တွေကို စစ်ဆေးမေးမြန်းမှုတွေ လုပ်ခဲ့တယ်လို့ ရှေ့နေ ဦးဖိုးဖြူကလည်း ပြောပါတယ်။

“ကျနော်တို့ကို အခုတော့ လွှတ်လိုက်ပါပြီ။ ကျနော်တို့ကို အသုဘ လိုက်ပို့တဲ့ အခြေအနေမျိုး မရောက်နိုင်ဖို့ ကျနော်တို့အဖွဲ့တွေ အကုန်လုံးကို အင်းတကော် စခန်းကနေ ခေါ်ထားလိုက်တယ်။ တနာရီကြာတယ်။ ဟိုဘက်က အသုဘချပြီးတဲ့ အချိန်လောက်မှ ကျနော်တို့ကို ပြန်လွှတ်ပေးလိုက်တယ်။ ကျနော်တို့တွေဟာ နိုင်ငံသားတွေ၊ နိုင်ငံသား မှတ်ပုံတင်ကတ် ကိုင်ဆောင်ထားတဲ့ လူတွေဟာ ပြည်တွင်းမှာ မည်သူမဆို လွတ်လပ်စွာ သွားလာခွင့် ရှိရမယ်။ ဒီလိုသွားလာခွင့် ရှိရမယ့် အခြေအနေမျိုးကို ပိတ်ပင်တားဆီးတာဟာ လူ့အခွင့်အရေးကို စတင် ချိုးဖောက်နေတာပဲ ဖြစ်တယ်။”

အခင်းဖြစ်ပွားမှုမှာ ပါဝင်ခဲ့တဲ့ လူငယ် ၂ ဦးကိုတော့ ပဲခူး အမှတ် ၂ ရဲစခန်းက ဖမ်းဆီးထိန်းသိမ်းပြီး စစ်ဆေးထားရာကနေ မနေ့ညကတော့ လူငယ် ၂ ဦးကို အသုဘချတဲ့ နေရာမှာ လိုက်ပါနိုင်ဖို့အတွက် ပြန်လွှတ်ပေးခဲ့ပြီး ခရီးသွားခွင့်တွေကို ပိတ်ပင်ခဲ့တယ်လို့ ဆိုပါတယ်။ သေဆုံးသူရဲ့ မိသားစုဝင်တဦး ပြောပြတာက …

“လွတ်သွားပြီ၊ ညကတည်းက လွတ်တယ်။ အမှတ် ၂ စခန်းမှာ ချုပ်ထားတာလေ။ မနေ့က တယောက်ကို ၃၀,၀၀၀ ဆီ မုန့်ဖိုး ပေးလိုက်သေးတယ်တဲ့။ သူတို့ကို ကောင်းကောင်းမွန်မွန်ပဲ။ အပြင်တော့ မထွက်ပါနဲ့ဦး၊ ဒီရက်ထဲကို ခရီးဝေး မသွားပါနဲ့ဦးတဲ့။”

အခင်းဖြစ်ပွားမှုမှာ ပါဝင်ခဲ့တဲ့ တာဝန်ရှိတဲ့ စစ်အရာရှိ ၂ ဦးနဲ့ တပ်သား ၁ ဦးကိုတော့ ထိန်းသိမ်းထားကြောင်း မိသားစုကို စစ်တပ်က လာရောက် ပြောကြားပေမဲ့ ဟုတ်၊ မဟုတ် ဆိုတာတော့ မသိကြောင်း မိသားစုက ပြောပါတယ်။

“အရာရှိ သုံးပွင့်နဲ့၊ နောက်တယောက်က နာမည်ပါတယ်၊ သူတို့ပြတာပေါ့၊ သူတို့ကို ဘယ်မှာ ချုပ်ထားတယ်ဆိုတဲ့အကြောင်း ပြောတာပေါ့။ အရာရှိနာမည်က သိဒ္ဓိစိုး၊ နောက်တယောက် ပါသေးတယ်၊ အရာရှိက ၂ ယောက်၊ တပ်သားက ၁ ယောက်။”

လူငယ် ၂ ဦးရဲ့ ဈာပနဟာ ပဲခူးမြို့မှာတော့ အစည်ကားဆုံး ဈာပနဖြစ်ပြီး မြို့ခံတွေက စစ်တပ်ရဲ့ လူအခွင့်အရေး ချိုးဖောက်မှုကိုတော့ မကျေမနပ် ပြောကြားနေဆဲ ဖြစ်ပါတယ်။ အခုအခါမှာတော့ သေဆုံးသူတွေရဲ့ အိမ်အနီးတဝိုက်မှာ လုံခြုံရေးတွေ အပြည့်ယူထားဆဲဖြစ်ပြီး ပြည်သူတွေကတော့ လုံခြုံရေးတွေကို ဂရုမစိုက်ဘဲ အသုဘအိမ်ကို ဝင်ထွက်နေဆဲ ဖြစ်တယ်လို့ မိသားစုကတော့ ပြောပါတယ်။

XS
SM
MD
LG