သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပဲခူး ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး မီးလောင်ပြာကျ


ပဲခူးမြို့ ဇိုင်းမြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး မီးလောင်ပြာကျ
ပဲခူးမြို့ ဇိုင်းမြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး မီးလောင်ပြာကျ

ဧပြီလ ဆန်းပိုင်းက စစ်တပ်ရဲ့ အကြမ်းဖက်ဖြိုခွဲမှုကြောင့် လူပေါင်း ၂၀၀နီးပါး သေဆုံးခဲ့ရတဲ့ ပဲခူးမြို့မှာ တနင်္ဂနွေနေ့ မနက်အစောပိုင်းက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး တရုံး မီးလောင်ပြာကျခဲ့ပါတယ်။ မျက်မြင်သက်သေတဦးပြောပြချက်အရ မီးစလောင်တဲ့ အကြောင်းအရင်းကို မသိရပေမဲ့ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးမှူးအသစ်ကို ရပ်ကွက်ပြည်သူတွေ သဘောမကျ လက်မခံကြဘူးလို့လည်း ဗွီအိုအေကို အခုလိုပြောပါတယ်။

” ပဲခူးမြို့ ဇိုင်းမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ကမ်းနားလမ်းနဲ့ လူကူးတံတားထိပ်မှာပါ။ မြို့ကိုဖြတ်တဲ့နေရာမှာ တံတား နှစ်ခုရှိပါတယ်။ တခုက ကားတွေအတွက်၊ တခုက လူတွေ ကူးဖို့ အတွက်ပါ။ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးက လူကူးတံတားထိပ်ဖက်မှာရှိတာပါ။ မနက် (၅)နာရီ ဝန်းကျင်လောက် စလောင်တယ်။ တနာခွဲကျော်လောက်လောင်ပြီး ပြာကျသွားတယ်။ စစ်ကောင်စီက ခန့်လိုက်တဲ့ အုပ်ချုပ်ရေးမှူးအသစ်ကို သဘောမတူလို့ ဖြစ်ရတယ်လို့ အများက ထင်ကြေးပေးနေကြပါတယ်ခင်ဗျ။”

ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး မီးလောင်ခဲ့တာနဲ့ ပတ်သက်လို့ ပဲခူးရဲစခန်းကို ဗွီအိုအေက ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းကိုင်ဖြေဆိုမယ့်သူ မရှိခဲ့ပါဘူး။ ဆိုရှယ်မီဒီယာမှာ တင်ထားတဲ့ ဗွီဒီယိုဖိုင်ထဲမှာတော့ မီးလောင်နေတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနားမှာ မီးသတ်ကားတွေ ရပ်ထားတာတွေ့မြင်ရပါတယ်။

အခုလို အုပ်ချုပ်ရေးမှူးရုံး မီးမလောင်ခင် စနေနေ့ညက အဲဒီရပ်ကွက်တဝိုက် လမ်းတွေမှာ စစ်တပ်နဲ့လုံခြုံရေးတပ်တွေလာရောက်ပြီး လောက်လေးခွတွေအပြင် သေနတ်နဲ့ ပစ် ခတ်မှုတွေလုပ်ခဲ့တယ်လို့ အဲဒီမျက်မြင်သက်သေ ပဲခူးဒေသခံက ပြောပါတယ်။

” ၈ နာရီခွဲလောက်မှာ သေနတ်နဲ့ ခြောက်ချက် လာပစ်တယ်။ ပြန်သွားတယ်။ နောက်တနာရီလောက် ကြာ တခေါက် ပြန်ရောက်လာတယ်။ ပြန်သွားတယ်။ နောက် နှစ်နာလောက်ကြာပြန်လာတယ်။ ည ၁၁နာရီကျော်လောက်ထိ ကျနော်တို့ ဇိုင်းမြောက်ရဲ့ကမ်းနားလမ်း၊ (၃)လမ်း၊ (၄)လမ်း၊ (၅)လမ်းထိ သွားလှည့်ပတ်သွားကြတယ်။ ၁၁ နာရီလောက်မှ သူတို့ပြန်သွားတယ်။”

ပဲခူးမြို့ မှာ ဧပြီလ ၉ ရက်နေ့ က ရပ်ကွက်တွေမှာ ဆန္ဒပြသူတွေတည်ဆောက်ထားတဲ့ ခံတပ်တွေကို စစ်တပ်က လက်နက်ကြီးအပါအဝင် သေနတ်နဲ့ အကြမ်းဖက် ဖြိုခွဲဖိနှိပ်ခဲ့တာကြောင့် လူပေါင်း ၁၀၀ ကျော်ထက်မနည်း သေဆုံးခဲ့ပြီး လူအများအပြားလည်း ဒဏ်ရာရခဲ့ကြောင်း နိုင်ငံတကာသတင်းတွေမှာ ဖေါ်ပြခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

----------------------------








XS
SM
MD
LG