သုံးရလွယ်ကူစေသည့် Link များ

ပဲခူးတိုင်း သူရဲသမိန် မူဆလင်တချို့ တိုက်ခိုက်ခံရ


အခင်းဖြစ်ပွားသည့် သူရဲသမိန်ကျေးရွာ တည်ရှိရာ ဝေါမြို့နယ် ပြ မြေပုံ။ (Google Map)

ပဲခူးတိုင်း ဝေါမြို့နယ်ထဲက ကျေးရွာတစ်ရွာမှာ အစ္စလာမ် ဘာသာဝင်တွေ ပိုင်ဆိုင်တဲ့ နေအိမ်နဲ့ ဘာသာရေးအဆောက်အဦး အချို့ကို အမည်မသိလူအချို့က တိုက်ခိုက် ဖျက်ဆီးမှု ဖြစ်ပွားခဲ့ပါတယ်။ အခုအချိန်မှာတော့ အခြေအနေ တည်ငြိမ်နေပြီး၊ မွတ်စလင်တွေအတွက် ပြည်သူ့ ရဲတပ်ဖွဲ့ဝင်တွေက လုံခြုံရေး ပေးထားတယ်လို့ သိရပါတယ်။ သတင်းအပြည့်အစုံကို ဆက်သွယ် မေးမြန်းထားတဲ့ ကိုရဲခေါင်က ပြောပြပါမယ်။

ပဲခူးတိုင်း ဝေါမြို့နယ်ထဲက သူရဲသမိန် ကျေးရွာမှာ ဗုဒ္ဓဘာသာနဲ့ အစ္စလာမ် ဘာသာဝင်တွေ နေထိုင်တဲ့ အိမ်ခြေ ၅၀၀လောက် ရှိတယ်လို့ သိရပါတယ်။ ဂျွန်လ ၂၃ရက်နေ့က အမည်မသိ လူအချို့က ၀င်ရောက်တိုက်ခိုက်မှုကြောင့် အစ္စလာမ် ဘာသာဝင်တွေရဲ့ နေအိမ်တွေနဲ့ ဘာသာရေး အဆောက်အဦး တစ်ခု ဖျက်ဆီးခံပြီး၊ ရွာသားအချို့ဟာ ဒဏ်ရာရသွားပါတယ်။ အခုအချိန်မှာ အစ္စလာမ် ဘာသာဝင် ရွာသားတွေဟာ ရဲအစောင့်အရှောက်တွေ ရှိတဲ့ ကျေးရွာ ရဲကင်းထဲမှာ ခိုလှုံနေရ ပါတယ်။

ဒီကိစ္စနဲ့ ပက်သက်လို့ ဝေါမြို့နယ် ရဲစခန်းကို ဗွီအိုအေက ဆက်သွယ် မေးမြန်း ရာမှာ တာဝန်ကျ ရဲတပ်ဖွဲ့ဝင် တစ်ဦးက သူရဲသမိန် ကျေးရွာမှာ ဒီလို တိုက်ခိုက် ဖျက်ဆီးမှု ဖြစ်သွားတာ မှန်ကန်ကြောင်း အတည်ပြု ပြောကြားခဲ့ပြီး၊ ဝေါမြို့နယ် ရဲစခန်း ကနေ အခင်းဖြစ်ပွားရာ သူရဲသမိန်ကျေးရွာ ရဲစခန်းကို ရဲအင်အား အချို့ စေလွှတ်ထားတဲ့ အကြောင်းကို အခုလို ပြောပြပါတယ်။

“ဖြစ်သွားတာတော့ ဖြစ်သွားတယ်ခင်ဗျ။ သူရဲသမိန်က ဝေါမြို့နယ်ထဲတော့မှန်တယ်။ စခန်းကတော့ မြစ်ကျိုးရဲစခန်းရဲ့ လက်အောက်ခံ။ ကျွန်တော်တို့ ဆီကတော့ အရာရှိက နှစ်ယောက်၊ အခြား အဆင့်က ၁၀ယောက်။ ၁၂ယောက်တော့ အင်အား ထည့်ပေးလိုက်တယ် ဒီကနေပြီးတော့ပေါ့။ ကျန်တဲ့နေရာတွေကတော့ ပါဦးမှာပေါ့။ မြစ်ကျိုးတို့၊ အဲဒီ သူရဲသမိန်မှာလဲ လူက ရှိသေးတော့ အဲဒီက လူတွေနဲ့ လောလောဆယ်တော့ လုံခြုံရေးတော့ ထပ်ယူပေးနေကြတယ်။”

ဒီဖြစ်ရပ်နဲ့ ပက်သက်လို့ သူရဲသမိန် ကျေးရွာကို သတင်းယူဖို့ သွားရောက်နေတဲ့ သတင်းထောက် ကိုမြတ်ကျော်သူကလည်း အခုလို ပြောပြခဲ့ပါတယ်။

“မနက်က ဒီသတင်းကြားတော့ ညတွင်းချင်းပဲ ဒီဝေါကို ရောက်လာတယ်။ ဝေါမှာ ရဲစခန်းရှေ့ကို ရောက်တယ်။ အဲဒီမှာ ပဲခူးတိုင်း ၀န်ကြီးချုပ်တွေ့တယ်။ ပြီးတော့ နယ်လုံ ၀န်ကြီးတွေ့တယ်။ နောက်ပြီးတော့ ခေါင်းမှာ ဒဏ်ရာရထားတဲ့သူ။ သူက သူ့ကို မိသားစုဝင်တွေက တွဲခေါ်လာတာကို ရဲစခန်းထဲမှာ တွေ့ရတယ်ခင်ဗျ။ အပြင်ဘက်မှာတော့ ဒဏ်ရာရထားတဲ့သူရဲ့ အစ်ကို။ ဒဏ်ရာရထားတဲ့ သူနာမည်က အဒူရာဆစ်။ သူ့အစ်ကိုက အဒူ ရာဟစ်ပေါ့။ သူပြောပုံ အရတော့ ရွာမှာ သေဆုံးသူမရှိဘူး။ ဗလီ တစ်လုံး ဖြို ခံရတယ်။ နောက်ပြီး မွတ်စလင်အိမ်တွေ၊ လူတွေ အကုန်လုံးကို၊ အစ္စလာမ် ဘာသာဝင်တွေ အားလုံးကို ရဲစခန်းထဲမှာ စောင့်ရှောက်ထားတယ်။ ဒီဖြစ်စဉ် ဖြစ်ခဲ့တဲ့ သူရဲသမိန် ရွာမှာပဲ စောင့်ရှောက် ထားတယ်လို့ ပြောပါတယ် ခင်ဗျ။ ရဲဘက်က တည်း သေဆုံးတဲ့သူ မရှိဘူးလို့ အတည်ပြုပါတယ်။ ”

မေး။ “ဘယ်လို အကြောင်းကြောင့် စဖြစ်တာလဲ သိရသလား ခင်ဗျ။”

“စဖြစ်တဲ့အကြောင်းကိုတော့ မသိရသေးဘူးခင်ဗျ။ သူတို့ဘက်က ကောလာဟာလတွေ ပြောတာတော့ အများကြီးရှိတယ်။ ဒါပေမယ့် ရဲစခန်းဘက်ကတော့ သူတို့ပြောတာတွေကို အတည်မပြုဘူးခင်ဗျ။ ဘယ်ဘက်က စဖြစ်တယ် ဆိုတာကိုတော့။ အထူးသဖြင့်တော့ အဒူရာဆစ် ရဲ့ အစ်ကို ပြောပြတာ ကတော့ သူ့ညီက အိမ်ဆောက်ပစ္စည်း ဆိုင်ရောင်းတယ်။ အဲဒီနေ့က သူ အလုပ်လုပ်နေတုန်းမှာ အပြင်က လူတွေက ဘာသာရေး အဆောက်အဦး ဆောက်နေတယ်လို့ စွပ်စွဲပြီးတော့ စပြီးတော့ ရန်ဖြစ်ကြတယ် လို့ ပြောတယ်ခင်ဗျ။ ဒါက သူ့အစ်ကို ပြောတဲ့ ပုံစံအရပါ။ အတိအကျကိုတော့ အခု ကျွန်တော် ရွာကို သွားနေတယ်ခင်ဗျ။ အဲဒီကျမှ သိရမယ်ခင်ဗျ။”

မေး။ “လာပြီး ဖျက်ဆီးတဲ့သူတွေ ပေါ့နော်။ ကျူးလွန်တဲ့ သူတွေကရော ဘယ်လိုလူတွေလဲ ဆိုတာ သိရပြီလား ခင်ဗျ။”

“ကျူးလွန်တဲ့သူတွေကတော့ အခုထက်ထိ ရဲဘက်က အရေးယူတာ မတွေ့ရသေးဘူး။ သူတို့ အရေးယူထားတာ မရှိသေးဘူးလို့ ပြောတယ်။ ကျူးလွန်တဲ့သူတွေကတော့ အကုန်ရွာသားတွေပဲ။ ရွာသားတွေ ဖြစ်တယ် ဆိုတာ ပြောတယ်။ ဒါပေမယ့် ဘယ်သူ ဘယ်ဝါ နာမည်တွေ၊ ဘယ်နှစ်ယောက် ရှိတယ်ဆိုတာ မပြောဘူးခင်ဗျ။”

မေး။ ။“နောက် ပျက်စီးသွားတဲ့ အခြေအနေကကော တော်တော် ပြင်းထန်သလား ခင်ဗျ။”

”မွတ်စလင်အိမ်အချို့လို့ ပြောပါတယ်ခင်ဗျ။ မွတ်စလင် အိမ် အရေအတွက် မသိရပါဘူး။ ဗလီ တစ်လုံးလို့ သိရပါတယ်။ အိမ်အရေအတွက် မသိရပါဘူး။ သွားရေးလာရေးက တော်တော် ခက်ခဲတယ်ခင်ဗျ။ ကျွန်တော် ဝေါကနေပြီးတော့ ကျွန်တော့်အထင် ၁၅ မိုင်လောက်ရောက်နေပြီ။ အဲဒီကနေ လှေနဲ့ ထပ်ပြီး သွားရဦးမှာ။ လှေနဲ့ တစ်နာရီလောက် စစ်တောင်းမြစ်အတိုင်း ဆန်တက်ပြီးမှ အဲဒီကို ရောက်မှာ။ ရွာက တော်တော်ကို ခေါင်တယ်ခင်ဗျ။”

လက်ရှိအချိန်မှာတော့ အခင်းဖြစ်ပွားတဲ့ ကျေးရွာကို ရဲအင်အား သုံးဆယ်ကျော် စေလွှတ်ပြီး စောင့်ရှောက်ပေးထားတယ်လို့ သိရပါတယ်။

အခုအချိန်ဟာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီ (Yanghee Lee) မြန်မာနိုင်ငံ ကို ရောက်ရှိနေပြီး ရခိုင်ပြည်နယ်က ဒုက္ခသည် စခန်းတွေကို သွားရောက် ကြည့်ရှုနေချိန်လည်း ဖြစ်ပါတယ်။

XS
SM
MD
LG