သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပဲခူးမှာ ထိုင်းပြန်များ သီးခြားခွဲစောင့်ကြည့်ရေးလုပ်ငန်း အခက်အခဲကြုံနေ


ပဲခူးတိုင်းရှိ စားသောက်ဆိုင်တခုမှာ ပိုးသတ်ဆေးဖြန်းနေတဲ့ ဝန်ထမ်း တဦး (ဧပြီ ၀၃၊ ၂၀၂၀)
ပဲခူးတိုင်းရှိ စားသောက်ဆိုင်တခုမှာ ပိုးသတ်ဆေးဖြန်းနေတဲ့ ဝန်ထမ်း တဦး (ဧပြီ ၀၃၊ ၂၀၂၀)

(Zawgyi/Unicode)

ပဲခူးတိုင်းထဲကို ထိုင်းနိုင်ငံဘက်ကနေ ပြန်လာတဲ့ လုပ်သားဦးရေဟာ နေ့စဉ် အယောက် ၂၀၀ နီးပါး ရှိနေတာကြောင့် ပြန်ဝင်လာတဲ့ သူတွေနဲ့ ကျန်းမာရေး ဝန်ထမ်း အချိုးအစား မမျှတတာ၊ စစ်ဆေးမယ့် ကျန်းမာရေး ပစ္စည်းမလောက်ငှတာတွေနဲ့ ကြုံနေရတဲ့အခြေအနေကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မမေခက တင်ဆက်ပေးပါမယ်။

ထိုင်းဘက်က မြန်မာလုပ်သားတွေကို ကနဦးအားဖြင့်တော့ ကိုယ့်အိမ်မှာပဲ ကိုယ် home quarantine ထားဖို့ ကျန်းမာရေးက ညွှန်ကြားထားပေမဲ့ နောက်ပိုင်းမှာတော့ သူတို့ကို ရပ်ရွာဒေသအလိုက် community quarantine ခေါ်တဲ့ အားလုံးကို စုပြီး တနေရာမှာ သီးခြားထားစောင့်ကြည့်တာတွေ လုပ်လာပါတယ်။

ပဲခူးတိုင်း တခုလုံး တွက်မယ်ဆို ဝင်ရောက်လာသူဟာ ၁၅,၀၀၀ နီးပါးရှိနေတယ်လို့ ပဲခူး တိုင်းဒေသကြီး လွှတ်တော်အမတ် ဦးညွန့်ရွှေက အခုလိုပြောပါတယ်။ ပြန်လာသူတွေနဲ့ ပတ်သတ်လို့ သီးခြားထားစောင့်ကြည့်တဲ့ ပြောပြတာပါ။

"ကျနော်တို့ဆီမှာကတော့ ပဲခူးတိုင်းအနေနဲ့ ပြောရရင်တော့ ၁၃,၀၀၀၊ ၁၄,၀၀၀ လောက်ရှိတယ်ခင်ဗျ။ အဲ့တော့ ပဲခူးအနေနဲ့က ဒီမှာ Quarantine လုပ်ထားတာက လူ ၁၆၀ လောက် ရှိပါတယ်။ အခု ညဘက်ကို ကျနော်တို့ ကြိုနေရတာက တညကို ပြန်ဝင်လာသူက အယောက် ၂၀၀ ပတ်ဝန်းကျင်ခန့် ရှိသွားပါပြီ။ သက်ဆိုင်ရာမြို့နယ်တွေပေါ့။ ဒီကိုယ့်မြို့နယ် ကျနော်တို့က မြို့နယ်အုပ်ချုပ်ရေးမှူးတွေနဲ့ ဆက်သွယ်ပြီးတော့ သူ့မြို့နယ်က လာကြိုခိုင်းလိုက်တယ်လေ။ နောက်တနေ့လာကြိုခိုင်းလိုက်တယ်။ လာမကြိုနိုင်သေးတဲ့ မြို့နယ်တွေရယ်၊ ပဲခူးက ဝင်လာတဲ့သူတွေကိုတော့ ဒီမှာ Facility Quarantine အဖြစ် ကျနော်တို့ ပဲခူး တက္ကသိုလ်နဲ့ အာသောက ဘုန်းကြီးကျောင်းထဲမှာ ထားပါတယ်။"

ပဲခူးတိုင်းမှာ ကိုဗစ်ရောဂါ ကာကွယ်ရေးနဲ့ Quarantine ထားရှိတဲ့အတွက် ပဲခူးတိုင်းတွင်းမြို့နယ် ၂၈ မြို့နယ်မှာ တမြို့နယ်ကို ကျပ်သိန်း ၁၀၀ ချထားပေမဲ့ လောက်ငှအောင်ကျန်းမာရေး ပစ္စည်းတွေ မပေးနိုင်ဘူးလို့ သူကဆိုပါတယ်။

ဒီလို ရပ်ရွာဒေသအလိုက်သီးခြားထားစောင့်ကြည့်ရာမှာ ပဲခူးခရိုင်တွင်းမှာ စခန်း ၂၀၀ ကျော်၊ တောင်ငူခရိုင်မှာ စခန်း ၂၀၀ နီးပါး၊ ပြည်ခရိုင်မှာ စခန်း ၁၅၀ နီးပါး၊ သာယာဝတီခရိုင်မှာ စခန်း ၁၂၀ ကျော် ရှိတာမို့ စုစုပေါင်း စခန်း ၇၀၀ နီးပါးရှိပါတယ်။

Quarantine လုပ်တာနဲ့ ကျေးရွာအလိုက် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ဆောင်ပေးတာမှာ ကျန်းမာရေးဝန်ထမ်းအင်အားနဲ့ စောင့်ကြည့်လူဦးရေ ပမာဏ မမျှတတာတွေနဲ့ ကြုံရတာတွေ ရှိနေတယ်လို့ ပေါက်ခေါင်းမြို့နယ်ဆေးရုံအုပ် ဒေါက်တာသိမ့်သိမ့်ထွန်းက ပြောပါတယ်။

"Quarantine ထားတဲ့ Facility Quarantine ထားတဲ့ ရွာတွေမှာ အဲ့လိုမျိုးထားတဲ့ နေရာတွေမှာ ကျမတို့ဆရာမတွေက သွားပြီးတော့ ကြည့်ပေးတယ်။ Home Quarantine မှာ တချို့ ဘာလေးတွေ၊ ဘာလေးတွေဆိုရင် သူတို့ကြည့်ပေးတာမျိုး ဒါမျိုးလေးတွေ ရှိပါတယ်။ အခက်အခဲတွေက ဘာတွေဖြစ်လဲဆိုတော့ သွားရေးလာရေးပေါ့။ ကျမတို့ ဆရာမတွေက ဥပမာ လေး၊ ငါး၊ ခြောက်ရွာမှာ ဆရာမ တယောက်ထဲ ရှိတာမျိုးပေါ့။"

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု ကပ်ရောဂါကြီးအသွင်ဖြစ်လာနိုင်တဲ့အလားအလာ ရှိနိုင်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ပြီးခဲ့တဲ့ ရက်ပိုင်းက ကြေညာထားတာပါ။

လက်ရှိ ကိုဗစ်ရောဂါကူးစက်ခံရသူတွေထဲမှာ ထိုင်းက ပြန်လာသူတွေ ပါဝင်လာတာကြောင့် သူတို့တွေကို အသွားအလာကန့်သတ်မှု၊ ရောဂါ စောင့်ကြည့်ကြည့်ရှုမှုတွေ အရှိန်အဟုန်နဲ့ ဆောင်ရွက်ဖို့ ကျန်းမာရေးဌာနက တိုက်တွန်းထားပေမဲ့ အသွားအလာ ကန့်သတ်ထားရသူတွေဘက်က လိုက်နာဖို့လိုအပ်မှုတွေ ရှိနေသလို အာဏာပိုင်တွေဘက်က အသေအချာ စည်းကြပ်ဖို့ကိုလည်း ကျေးရွာတွေမှာ အခက်အခဲတွေ ရှိနေပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

[Unicode Version]












XS
SM
MD
LG