သုံးရလွယ်ကူစေသည့် Link များ

ဆွန်နီအများစု အုပ်ချုပ်တဲ့ ပင်လယ်ကွေ့ ကျွန်းနိုင်ငံ ဘာရိန်းမှာ ဆန့်ကျင်ဆန္ဒပြပွဲတွေ သီတင်းပတ်များစွာ ရှိနေတဲ့အတွက် ၃ လကြာ အရေးပေါ်ဥပဒေကို ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတော် တည်ငြိမ်ရေးအတွက် လိုအပ်သမျှ အားလုံး အရေးယူ ဆောင်ရွက်ဖို့ အစိုးရပိုင် ရုပ်မြင်သံကြား အစီအစဉ်ကနေ ဘာရိန်းဘုရင်က ဗိုလ်ချုပ်ကြီးကို အမိန့်ပေးခဲ့တာပါ။

ဒီကြေညာချက် ထွက်လာပြီးတဲ့နောက် ဘာရိန်းရဲ့ စီးပွားရေး အချက်အချာ ဒေသဖြစ်တဲ့ မဲန်နာမာဒေသက စတိုးဆိုင်တွေ အားလုံး ပိတ်ကုန်ကြပြီး အဝေးပြေးလမ်းတွေပေါ်မှာ ရဲတပ်ဖွဲ့ဝင်တွေကိုလည်း တပ်ဖြန့်ထားပါတယ်။

အစိုးရပိုင် အဆောက်အဦးတွေကို အကာအကွယ်ပေးဖို့ ဘာရိန်းအစိုးရက အကူအညီ တောင်းခဲ့တဲ့အတွက် ဆော်ဒီစစ်သား ၁,၀၀၀ နဲ့ တခြားရဲတပ်ဖွဲ့ဝင် ၅၀၀ ဟာ ဆွန်နီအများစုဖြစ်တဲ့ ဘာရိန်းနိုင်ငံရဲ့ နယ်နိမိတ်မျဉ်းကို ဖြတ်ကျော် ၀င်ရောက်ခဲ့တာပါ။ အိမ်နီးချင်း နှစ်နိုင်ငံက ဘာရိန်းဘုရင်ရဲ့ တောင်းဆိုချက်အရ အကူအညီပေးဖို့ ၀င်ရောက်ခဲ့တာဖြစ်ကြောင်း ပြောကြပါတယ်။

ရှီရာအများစု ကြီးစိုးတဲ့ အီရန်နိုင်ငံကတော့ အခုလို ဘာရိန်းနိုင်ငံထဲကို နိုင်ငံခြားတပ်တွေ ၀င်ရောက်လာတာကို လက်မခံနိုင်ဘူးလို့ ပြောဆိုပါတယ်။ ဘာရိန်းရဲ့ ရှီရာ အတိုက်အခံတွေကလည်း အခုလို ပင်လယ်ကွေ့ စစ်တပ်တွေ ၀င်လာတာဟာ ဘာရိန်းနိုင်ငံကို ကျူးကျော်သိမ်းပိုက်တာ ဖြစ်တယ်လို့ စွပ်စွဲ ပြောဆိုလိုက်ပါတယ်။

XS
SM
MD
LG