ဘာရိန်းနိုင်ငံမြို့တော် မနားမား (Manama) က ပုလဲရင်ပြင်မှာ စခန်းချနေကြတဲ့ ဒီမိုကရေစီ လိုလားသူ ဆန္ဒပြသမားတွေကို လုံခြုံရေး တပ်ဖွဲ့တွေက မောင်းထုတ်လိုက်ကြပါတယ်။
အတိုက်အခံတွေနဲ့ ဆေးရုံ အသိုင်းအဝန်းကတော့ နှိမ်နင်းမှုတွေအတွင်း လူ ၅ ယောက်ထက်မနည်း သေဆုံးကြောင်း ပြောဆိုခဲ့ကြတာပါ။
ဒီကနေ့ အစောပိုင်းမှာပဲ ရဟတ်ယာဉ်တွေ အကူအညီတွေနဲ့ လုံခြုံရေး တပ်ဖွဲ့တွေက ရင်ပြင်ထဲကို ဝင်ရောက်လာကြပြီး သပိတ်စခန်း ချနေကြတဲ့ ဆန္ဒပြသူတွေကို မောင်းထုတ်ခဲ့တာလို့ မျက်မြင်တွေ့သူတွေက ပြောပါတယ်။
ရဲတွေနဲ့ တက်ကြွလှုပ်ရှားသူတွေကြား အဓိကရုဏ်းတွေ ဖြစ်ပွားရာက လူ ၂ ယောက် သေဆုံးပြီး ရာနဲ့ချီ ဒဏ်ရာတွေ ရခဲ့ပြီး နောက်တနေ့ဖြစ်တဲ့ ဒီကနေ့မှာပဲ နှိမ်နင်းမှုတွေ ဖြစ်ပွားခဲ့တာပါ။ အစိုးရကတော့ လူထုအုံကြွမှု အဆုံးသတ်စေဖို့အတွက် အရေးပေါ် အုပ်ချုပ်ရေး အမိန့်တရပ် ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။
ဆီထရာ (Sitra) မြို့မှာတော့ ရဲတွေက လူတယောက်ကို သတ်ဖြတ်ခဲ့တယ်လို့ ဆေးဘက်ဆိုင်ရာ အသိုင်းအဝန်းက ပြောဆိုခဲ့သလို အစိုးရကတော့ တခြားနေရာတခုမှာ ဆန္ဒပြသူတယောက် မောင်းလာတဲ့ ကားတစင်းက လုံခြုံရေး တပ်ဖွဲ့တွေကို ဝင်တိုက်ခဲ့လို့ တယောက်သေသွားတယ်လို့ ကြေညာပါတယ်။
အစိုးရ အဆောက်အဦးတွေကို ကာကွယ်ဖို့အတွက် ဆော်ဒီအာရေးဗီးယားက စစ်သား ၁,၀၀၀၊ အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE) က ၅၀၀ ကိုလည်း တနင်္လာနေ့မှာ ဘုရင်က နိုင်ငံထဲ ဝင်ခွင့်ပေးခဲ့တာပါ။ အီရန်သမ္မတ မာမွတ် အမ္မာဒီနီဂျတ် (Mahmoud Ahmadinejad) ကတော့ နိုင်ငံခြားတပ်တွေ ဝင်ရောက်မှုအတွက် ပြစ်တင် ဝေဖန်လိုက်ပါတယ်။