ဘာရိမ်းနိုင်ငံ မာနားမားမြို့တော်မှာ အစိုးရ ဆန့်ကျင်ရေး လူထုဆန္ဒပြပွဲ တတိယနေ့ ဆက်လက် ဆင်နွှဲနေပါတယ်။
တနေ့က လုံထိန်းရဲရဲ့ လက်ချက်နဲ့ ဒုတိယမြောက် သေဆုံးခဲ့ရသူ ဆန္ဒပြသူရဲ့ အသုဘကို ပို့ဆောင်ရင်း ထောင်သောင်းချီတဲ့ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲ ချီတက်ခဲ့ကြတာ ဖြစ်ပါတယ်။
မနေ့က မာနားမားမြို့လယ်က ပုလဲရင်ပြင်မှာ ရှီးယိုက်လှုပ်ရှားသူ အများစု ပါဝင်တဲ့ ဆန္ဒပြသူ ၂,၀၀၀ ကျော် ယာယီတဲတွေထိုးပြီး စခန်းချခဲ့ကြပါတယ်။ ကိုင်ရိုမြို့က တဟီရာရင်ပြင်ကို ပုံရိပ်ထင်စေတယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။ သူတို့ရဲ့ တောင်းဆိုချက်တွေကို မလိုက်လျောမချင်း အဲဒီရင်ပြင်ကနေ မစွန့်ခွာဘူးလို့လည်း ပြောကြပါတယ်။
တချို့က ဘာရိမ်းနိုင်ငံကို အုပ်ချုပ်နေတဲ့ ဆွန်နီလူနည်းစု ဘုရင်စနစ် ဖျက်သိမ်းပေးရေး တောင်းဆိုနေကြသလို တချို့ကလည်း ဘာရိမ်းဝန်ကြီးချုပ် ရှိတ်ခ် ခါလီဖာ ဘင် ဆယ်လ်မန် အလီ ခါလီဖာ (Sheik Khalifa bin Salman Al Khalifa) ချက်ချင်း ထွက်ပေးရေး တောင်းဆိုနေကြတာပါ။
ဘာရိမ်းဘုရင် မိသားစု အနေနဲ့ အကျဉ်းကျနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွှတ်ပေးပြီး ခွဲခြားဆက်ဆံ ခံနေရတဲ့ လူများစု ရှီးယိုက်တွေကို အခွင့်အလမ်းတွေ ဖွင့်ပေးစေလိုကြောင်း တောင်းဆိုနေကြတာ ဖြစ်ပါတယ်။