ဘာရိမ်းနိုင်ငံရဲ့ မြို့တော် မာနားမားရဲ့ ပုလဲရင်ပြင်မှာ အင်္ဂါနေ့ကတည်းက သပိတ်စခန်းချ ဆန္ဒပြနေတဲ့သူ ထောင်နဲ့ချီကို ဒီနေ့မနက် စောစောမှာ အဓိကရုဏ်းထိန်း ရဲတပ်ဖွဲ့က ၀င်ရောက် ဖြိုခွင်းပြီးနောက် ဘာရိမ်းစစ်တပ်က မြို့တော်ရဲ့ နေရာတချို့ကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့ပြီလို့ ပြောလိုက်ပါတယ်။
အခုလို အဓိကရုဏ်းတွေကြောင့် လူ ၄ ဦးလောက် သေဆုံးခဲ့တယ်လို့ မျက်မြင်သက်သေတွေက ဆိုပါတယ်။
အမျိုးသမီးတွေ၊ ကလေးတွေပါ ပါဝင်တဲ့ ရှီးယိုက်မွတ်ဆလင် အများစုဖြစ်တဲ့ ဆန္ဒပြ လူအုပ်ကြီးကို ရဲတပ်ဖွဲ့က ဒီနေ့ အရုဏ်ဦးအချိန်မှာ မျက်ရည်ယိုဗုံးတွေ၊ လက်ပစ်ဗုံးတွေ၊ ရာဘာကျည်ဆန်တွေ သုံးပြီးတော့ လူစုခွဲခဲ့တာ ဖြစ်ပါတယ်။ လူအများအပြား ဒဏ်ရာရရှိခဲ့ပြီး နီးစပ်ရာ ဆေးရုံတွေဆီကို ခေါ်သွားခဲ့ရပါတယ်။
ပုလဲရင်ပြင်ကို သွားရာ လမ်းတလျှောက်ကို ရဲတပ်ဖွဲ့တွေက ရှင်းလင်းပြီးနောက် လက်နက်အပြည့် ကိုင်ဆောင်ထားတဲ့ လုံထိန်းတွေ၊ တင့်ကားတွေက မြို့တော်က လမ်းမတွေပေါ်မှာ နေရာယူထားခဲ့ကြပါတယ်။
အခုတော့ အဲဒီ ပုလဲရင်ပြင်မှာ ရဲက စစ်ဆေး မေးမြန်းနေတဲ့ လူတချို့ကလွဲလို့ ကျန်တဲ့ ဆန္ဒပြသူတွေကို ရဲတွေက ရှင်းလင်း မောင်းထုတ်လိုက်ပြီ ဖြစ်ပါတယ်။