ဘာရိမ်းနိုင်ငံ မြို့တော်က ပုလဲရင်ပြင်ထဲမှာ စခန်းချပြီး အစိုးရဆန့်ကျင် ဆန္ဒပြနေကြတဲ့ သူတွေကို လုံခြုံရေး တပ်သားတွေက ချေမှုန်းခဲ့တာနဲ့ ပတ်သက်ပြီး ဘာရိမ်း နိုင်ငံခြားရေး ၀န်ကြီးက ခုခံ ပြောဆိုလိုက်ပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) က ဘာရိမ်း နိုင်ငံခြားရေး ၀န်ကြီးကို ဆက်သွယ်ပြီး ဆန္ဒပြသူတွေကို ချေမှုန်းတဲ့အတွက် သိပ်ကို စိုးရိမ်ကြောင်း ထုတ်ဖော် ပြောကြားပါတယ်။
အမေရိကန် ကာကွယ်ရေးဝန်ကြီး ရောဘတ် ဂိတ်စ် (Robert Gates) ကလည်း ဘာရိမ်း အိမ်ရှေ့မင်းသားကို ကြာသပတေးနေ့မှာ တယ်လီဖုန်းနဲ့ ဆက်သွယ်ပြီး နိုင်ငံတော် လုံခြုံရေးဆိုင်ရာ ဆွေးနွေးခဲ့တယ်လို့ ပင်တဂွန် စစ်ဌာနချုပ်က ပြောပါတယ်။
ဘာရိမ်းနိုင်ငံဟာ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြ တောင်းဆိုတဲ့ ပြည်သူတွေကို အကြမ်းဖက်တာတွေ မလုပ်သင့်ဘူးလို့ အမေရိကန် နိုင်ငံက ပြောကြားလိုက်တာ ဖြစ်ပါတယ်။
ကြာသပတေးနေ့ ပုလဲရင်ပြင်မှာ အဓိကရုဏ်းရဲတွေနဲ့ နှိမ်နင်းမှုကြောင့် ကျဆုံးသွားခဲ့ရသူတွေနဲ့ မိသားစုဝင်တွေအတွက် အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ၀မ်းနည်းကြောင်း သတင်းပါးခဲ့တယ်လို့ အိမ်ဖြူပြောခွင့်ရ ဂျေးကာနေ (Jay Carney) က ပြောပါတယ်။
ဒါ့အပြင် ဆန္ဒပြသူတွေကို မလိုအပ်ဘဲ အင်အားသုံး နှိမ်နင်းရာမှာ တာဝန်ရှိသူတွေကို ဖော်ထုတ်ဖို့အတွက်လည်း ဘာရိမ်းနိုင်ငံကို တိုက်တွန်းလိုက်ပါတယ်။
အရှေ့အလယ်ပိုင်း ဒေသတလွှားက အစိုးရတွေ အနေနဲ့ နိုင်ငံရဲ့ လူမှုအဖွဲ့အစည်းတွေ ပွင့်လင်းလာအောင် လုပ်ဆောင်ပေးဖို့ တာဝန်ယူဖို့နဲ့ လူထု မြတ်နိုးမှုရအောင် လုပ်ဖို့လိုတယ်လို့ အိုဘားမား အစိုးရအဖွဲ့က ယုံကြည်ကြောင်းလည်း ပြောပါတယ်။
ဘာရိမ်းက သတင်းတွေအရ ပြဿနာတွေ သိပ်ကြီးနေပြီဖြစ်ကြောင်း သိရကြောင်းနဲ့ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြသူတွေကို အကြမ်းမဖက်သင့်ဘူးလို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း (Mr. Ban Ki-moon) က ကြာသပတေးနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။
မြို့တော် မနားမားက ပုလဲရင်ပြင်ထဲမှာ ဆန္ဒပြသူတွေဟာ အစိုးရကိုရော၊ နိုင်ငံတော်ကိုပါ ပုန်ကန်ကြသူတွေ ဖြစ်ကြောင်း ကြာသပတေးနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ဘာရိမ်း နိုင်ငံခြားရေးဝန်ကြီး ရှိတ်ခ် ခါလစ် ဘင် အာမက် ခါလီဖာ (Sheikh Khalid bin Ahmed Khalifa) က ပြောပါတယ်။
ကြာသပတေးနေ့ အရုဏ်မတက်ခင် ရင်ပြင်ကို ၀င်ပြီးသိမ်းတဲ့ လုံခြုံရေး တပ်သားတွေက သူတို့မသိမ်းခင် ရင်ပြင်ထဲမှာ စခန်းချနေသူတွေကို ထွက်သွားဖို့အတွက် ပြောကြားခဲ့တယ်လို့လည်း ဆိုပါတယ်။
ပုလဲရင်ပြင်ကို ရဲတွေ ၀င်ရောက် သိမ်းပိုက်ခဲ့ရာမှာ ၃ ဦးသေဆုံးပြီး ၂၃၁ ဦး ဒဏ်ရာတွေ ရခဲ့တယ်လို့ ဘာရိမ်း ကျန်းမာရေးဝန်ကြီးရဲ့ ပြောကြားချက်ကို ကိုးကားပြီး အနောက်တိုင်း သတင်းတွေမှာ ဖော်ပြပါတယ်။ ဆန္ဒပြသူ အများအပြား ပျောက်ဆုံးနေတယ်လို့လည်း သိရပါတယ်။