ဘာရိန်းနိုင်ငံမှာ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူတွေနဲ့ လုံခြုံရေးရဲတွေ မနေ့က လမ်းတွေပေါ်မှာ ပဋိပက္ခ ဖြစ်ပွားခဲ့လို့ အနည်းဆုံး လူ ၂ ဦး သေဆုံးပြီး ရာနဲ့ချီ ဒဏ်ရာတွေ ရခဲ့ကြပါတယ်။
ဘာရိန်းအစိုးရက ဆန္ဒပြပွဲတွေ အဆုံးသတ်အောင် လုပ်တဲ့အနေနဲ့ နိုင်ငံတော် အရေးပေါ် အခြေအနေ ထုတ်ပြန်ချက် လုပ်ခဲ့ပြီးနောက်ပိုင်း အကြမ်းဖက်မှုတွေ အခုလို ပေါ်ပေါက်ခဲ့တာပါ။
စီထရာမြို့မှာ ဆန္ဒပြသူထဲက လူတဦးဟာ ရဲတွေရဲ့ လက်ချက်နဲ့ သေဆုံးခဲ့ရတာလို့ ဆေးရုံအရာရှိတွေက ပြောပါတယ်။ နိုင်ငံတ၀န်း ဆန္ဒပြမှုတွေမှာ လုံခြုံရေး ရဲတွေနဲ့ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေအတွင်း လူတွေ ရာနဲ့ချီပြီး မနေ့က ဒဏ်ရာတွေ ရခဲ့ကြတယ်လို့ ဆေးရုံဝန်ထမ်းတွေက ပြောပါတယ်။ တချို့ ဒဏ်ရာရတဲ့သူတွေက သေနတ်နဲ့ အပစ်ခံရတာပါ။
ဘာရိန်းဘုရင် ဟာမက် ဘင် အီဆာ အယ်လ်-ခါလီဖာ (Hamad bin Isa al-Khalifa) က ဆန္ဒပြတဲ့သူတွေဟာ လူထုတွေကို အကြမ်းဖက်မှုတွေ ဖြစ်လာအောင် လုပ်တဲ့လူတွေပဲလို့ စွပ်စွဲခဲ့ပြီး နိုင်ငံရဲ့ လုံခြုံရေးအတွက် သင့်တော်တဲ့ ဆောင်ရွက်မှုတွေကို လုပ်ဆောင်ဖို့ လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ ခေါင်းဆောင်ကို ဘုရင်က အမိန့်ပေးခဲ့တယ်လို့ မနေ့က အစိုးရ ရုပ်မြင်သံကြားမှာ ပြောခဲ့ပါတယ်။
ဘာရိန်းအစိုးရ အဆောက်အဦးတွေကို ကာကွယ်ဖို့ ဆော်ဒီအာရေးဗျ စစ်သား ၁၀,၀၀၀ လောက်နဲ့ UAE အာရပ်စော်ဘွားများ ပြည်ထောင်စုက ရဲတပ်ဖွဲ့ဝင် ၅၀၀ လောက်ကို ဘာရိန်းဘုရင်က တနင်္လာနေ့က ခွင့်ပြုချက် ပေးခဲ့ပါတယ်။
ဘာရိန်းနိုင်ငံ မြို့တော် မနားမားက ဆော်ဒီအာရေးဗျ သံရုံးရှေ့မှာတော့ ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေက ဆော်ဒီစစ်သားတွေ ဘာရိန်းကို ရောက်လာတာကို ကျူးကျော်မှုပဲဆိုပြီး အော်ဟစ် ဆန္ဒပြခဲ့ကြပါတယ်။