သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသားပညာရေးဆန္ဒပြ အဖမ်းခံရသူတချို့ အာမခံရ


အမျိုးသားပညာရေးဥပဒေ ပြန်လည်ပြင်ဆင်ပေးဖို့ ခရီးရှည်ချီတက်ဆန္ဒပြရင်း လက်ပံတန်းမြို့မှာ အကြမ်းဖက်ဖမ်းဆီးခံရပြီး သာယာဝတီထောင်ထဲ ထိန်းသိမ်းခံခဲ့ရတဲ့ သပိတ်မှောက် ကျောင်းသားတွေနဲ့ ဝန်းရံပြည်သူပေါင်း ၁၁ ဦးကို ဒီကနေ့ သာယာဝတီခရိုင် တရားရုံးက အာမခံပေးကြောင်း အမိန့် ထုတ်ပြန်လိုက်ပါတယ်။

ဒါပေမဲ့ အာမခံရခဲ့တဲ့သူတွေကိုတော့ လာမယ့်ဇူလိုင်လ ၁၄ ရက်နေ့ တရားရုံးချိန်းထုတ်တဲ့အချိန်မှာ သာယာဝတီမြို့နယ်တရားရုံးက အာမခံနဲ့ လွှတ်ပေးမှာ ဖြစ်ပါတယ်။ အသေးစိတ်ကို မဆုမွန်က တင်ပြထားပါတယ်။

ဒီကနေ့ ဇူလိုင်လ ၇ ရက်နေ့ အင်္ဂါနေ့မှာ သာယာဝတီခရိုင် တရားရုံးကနေ သပိတ်မှောက် ကျောင်းသူကျောင်းသားတွေနဲ့ သပိတ်ကို ဝန်းရံခဲ့တဲ့ ဝန်းရံပြည်သူတွေထဲက အာမခံရရှိနိုင်ရေး လျှောက်ထားခဲ့ကြသူ ၁၅ ဦးအနက် အဝေးသင်ကျောင်းသား အများစုပါဝင်တဲ့ ကျောင်းသား ၉ ဦးနဲ့ ဝန်းရံပြည်သူ ၂ ဦးကို ခရိုင်တရားရုံးက အာမခံပေးလိုက်တာပါ။ သူတို့ ဒီနေ့အာမခံရရှိကြောင်း ခရိုင်တရားရုံးက အမိန့်ချခဲ့ပေမဲ့ အခု အာမခံရသူတွေဟာ လက်ရှိ သာယာဝတီ အကျဉ်းထောင်ထဲမှာ အထိန်းသိမ်းခံနေရဆဲဖြစ်ပြီး လာမယ့် ဇူလိုင်လ ၁၄ ရက်နေ့ မြို့နယ် တရားရုံးထုတ်ချိန်မှာ ပြန်လွှတ်ပေးမှာဖြစ်တယ်လို့ မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်က ဦးသိန်းသန်းဦးက ပြောပါတယ်။

“ပုံမှန် procedure ကတော့ ခရိုင်တရားရုံးရဲ့အမိန့်နဲ့ အမှုတွဲကို သူက မူလမြို့နယ်တရားရုံးကို ပြန်ပေးမှာ။ ပြန်ပေးတဲ့အခါကျတော့ အဲဒီအမှုတွဲနဲ့အတူရောက်တဲ့ အမိန့်အရ မူလတရားရုံးက အာမခံပေးရမယ်။ ကနေ့မှ အမိန့်ချလိုက်တာ။ အဲဒီချလိုက်တဲ့အမိန့်နဲ့အတူ အမှုတွဲမှာ အမိန့်ကိုကပ်ပြီးတော့ ခရိုင်တရားရုံးက မြို့နယ်တရားရုံးကို ပြန်ပေးမှာ။ အဲဒါရတော့မှ မြို့နယ်တရားသူကြီးက အဲဒါအရ သူက ဆက်ဆောင်ရွက်မှာလေ။ ဒါက အထက်ထပ်နဲ့ အောက်ထပ်ဖြစ်နေလို့ ၁၄ ရက်နေ့ကို ကပ်ပြီးတော့ လုပ်လို့ရမှာ။ မဟုတ်ရင်တော့ မရဘူး။ အမှုတွဲ အဲဒီလောက်နဲ့ ပြန်မရောက်ဘူး။”

အာမခံရသူကျောင်းသားတွေနဲ့ ဝန်းရံပြည်သူတွေကို ၁ ဦးချင်းဆီအတွက် သိန်း ၅၀ တန် ခံဝန်နဲ့ အာမခံပေးမည့်သူ ၂ ဦးက ခံဝန်လက်မှတ်ရေးထိုးမှ ပြန်လွှတ်ပေးမှာဖြစ်ပြီး၊ သူတို့ကို ပုဒ်မတွေတပ်ပြီး စွဲဆိုထားတဲ့ အမှုတွေကို ဆက်လက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ အာမခံလျှောက်ခဲ့တဲ့သူ ၁၅ ဦးထဲက အပယ်ခံခဲ့ရတဲ့ ကျန်ခဲ့တဲ့ကျောင်းသား ၄ ဦးကတော့ တက္ကသိုလ်ကျောင်းသားတွေ ဖြစ်တယ်ဆိုတဲ့ လုံလောက်တဲ့ အထောက်အထားမရှိဘူးဆိုပြီး အာမခံကို ပယ်ချခဲ့တာပါ။ ဒါ့အပြင် ဖမ်းဆီးခဲ့စဉ်က ဒဏ်ရာတွေကြောင့် အခု ကျန်းမာရေးအခြေအနေ ဆိုးရွားနေလို့ အရေးပေါ် ဆေးရုံတက ကုသခံယူနေရတဲ့ ဝန်းရံပြည်သူ ကိုတင်ဝင်းနဲ့ ကိုခင်လှိုင် ၂ ဦးတို့ကို အာမခံပေးဖို့ လျှောက်ထားခဲ့ပေမဲ့ တရားရုံးက အာမခံမပေးခဲ့ဘူးလို့လည်း ကျောင်းသားသပိတ် အထောက်အကူပြုကော်မတီက ဦးဇော်ရမ်းက ဗွီအိုအေကို ပြောပါတယ်။

“၂ ရက်နေ့ကရယ်၊ ၉ ရက်နေ့ကရယ်၊ ၁၆ ရက်နေ့ကရယ် လျှောက်ထားတာလေ အခု ကျနော်တို့ ဒီဥစ္စာက လျှောက်လှဲချက်တွေပေါ့နော်။ လျှောက်လှဲချက်တွေကို ပြန်ပြီးတော့ ကြားနာပြီးတော့ အပေါ်ရုံးကနေ ချပေးတာ။ ၁၅ ယောက်မှာ ၄ ယောက်ကတော့ အာမခံပယ်ချခံရတယ်။ သူက စာရွက်စာတမ်း မပြည့်စုံလို့လို့ အကြောင်းပြတယ်ပေါ့နော်။ ၁၁ ယောက်ကတော့ ကျနော်တို့ အာမခံရပါတယ်။ လာမယ့် ၁၄ ရက်နေ့ ရုံးချိန်းကျမှ လွတ်မှာပါ။ အဲဒီမှာ ကျနော်တို့က အာမခံကျပြီဆိုတော့ သူတို့အတွက် အာမခံက ရုံးလုပ်ထုံးလုပ်နည်းအရ အာမခံ ၂ ယောက်ဆီ ရှာရမယ်။ ထုံးစံအတိုင်းပေါ့ဗျာ ကျနော်တို့ ငွေရေးကြေးရေးနဲ့ တင်ရတာတွေ ဘာတွေ ရှိပါတယ်။ ပိုင်ဆိုင်မှုတွေနဲ့ ဂရံတွေ ဘာတွေနဲ့ အဲဒါတွေအားလုံး ကျနော်တို့ လုပ်ရဦးမှာပါ။ ဒီဥစ္စာတွေက မလွဲမရှောင်သာလို့ ဖြေးဖြေးချင်း ဖြေးဖြေးချင်း ဖြေလျှော့နေလို့လို့ပဲလို့ ထင်ပါတယ်။ ဒါက အာမခံပေးတာပါ။ ကွင်းလုံးကျွတ် လွတ်မြောက်တာ မဟုတ်ပါဘူး။ နောက်တခုက သူတို့ လွတ်လွတ်လပ်လပ် စီရင်ဆုံးဖြတ်တယ်လို့လည်း ကျနော်တို့ မထင်ပါဘူး။ ဘာလို့လဲဆိုတော့ ကျနော်တို့ အခု လျှောက်လွှာတင်ထားတဲ့အထဲမှာ ဆေးရုံက အတွင်းလူနာအဖြစ် ကုသနေတဲ့ ကိုခင်လှိုင်နဲ့ နောက်တခါ ကိုတင်ဝင်းတို့ကို လုံး၀ အာမခံမရသေးပါဘူး။ ဒါက အောက်ရုံးကဟာက အပေါ်ကို မရောက်သေးလို့ဆိုပြီးတော့။ အခု အပေါ်ရုံးကို ရောက်တဲ့ဟာပဲ ချလိုက်တာပါ။ ပိုဆိုးတာက ဒီနေ့ဆိုရင် ကိုတင်ဝင်းကို သာယာဝတီဆေးရုံကို ပြန်ပို့ဖို့ရာ လုပ်နေပါတယ်။ အဲဒါမျိုးပါ အခြေအနေကတော့ မကောင်းဘူး။”

ဒီနေ့ ခရိုင်တရားရုံးရဲ့ အာမခံရရှိသွားတဲ့ သပိတ်မှောက် ကျောင်းသား ၉ ဦးကတော့ ကိုဝေယံမင်းလွင်၊ ကိုရဲဝင့်အောင်၊ ကိုရဲဝင့်အောင် (ခ) ကိုရွှေကြယ်မိုး၊ ကိုမင်းချစ်သူ၊ ကိုမင်းသူရှိန်၊ ကိုမြတ်မင်းမော်၊ ကိုကျော်ဇောခန့်၊ ကိုတင်ကိုဦး၊ ကိုသက်ပိုင်ထွန်း တို့ဖြစ်ပြီး၊ ဝန်းရံပြည်သူများထဲက ကိုသန်းဆွေနဲ့ ဒေါ်သန်းအေးတို့ ရရှိခဲ့တာပါ။ အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေး ခရီးရှည်ချီတက် ဆန္ဒပြရင်း အကြမ်းဖက် ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရတဲ့ သပိတ်မှောက် ကျောင်းသူကျောင်းသားတွေနဲ့ ဝန်းရံပြည်သူတွေကို ဒီလ ဇူလိုင်လ ၁၄ ရက်နေ့မှာ သာယာဝတီ အကျဉ်းထောင်ကနေ သာယာဝတီခရိုင် တရားရုံးမှာ တရားရုံးထုတ် စစ်ဆေးဖို့ ရှိနေပါတယ်။

XS
SM
MD
LG