သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွှတ်တော်ကြားနာပွဲ ဖမ်းခံရသူတွေ မလွတ်ဘဲ ဗကသ မတက်


လက်ပံတန်းမြို့မှာ အကြမ်းဖက်ခံရတဲ့ ကျောင်းသားတွေ၊ ပြည်သူတွေ မလွတ်မြောက်မချင်း ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီအနေနဲ့ ပညာရေးဥပဒေ ပြင်ဆင်ချက်ဆိုင်ရာ လွှတ်တော်ကြားနာပွဲ တက်မယ့်ကိစ္စကို ဗကသများအဖွဲ့ချုပ်ဘက်က လက်မခံကြောင်း ပြောဆိုလိုက်ပါတယ်။ အပြည့်အစုံကို ဗွီအိုအေ သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။

လက်ပံတန်းမြို့မှာ ကျောင်သားတွေကို အင်အားသုံး ဖြိုခွင်းပြီး ဖမ်းဆီးလိုက်တဲ့အတွက် လက်ရှိ အခြေအနေမှာ ဗကသများအဖွဲ့ချုပ်က ကိုယ်စားလှယ်တွေဟာ လွတ်တော်တက်ဖို့ အစီစဉ်မရှိကြောင်း၊ ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ကော်မတီအနေနဲ့ တက်ကြမယ်ဆိုရင်လည်း လက်မခံကြောင်း ဗကသများအဖွဲ့ချုပ်ရဲ့ ဥက္ကဌ ကိုကျော်ကိုကိုက ပြောပါတယ်။

“ကျနော်တို့ ဗကသများအဖွဲ့ချုပ်အနေနဲ့ကတော့ လွှတ်တော်ကို သွားတက်ဖို့ အစီအစဉ် လောလောဆယ်မှာ လုံး၀ မရှိသေးဘူး။ ဘာကြောင့်လဲဆိုရင် ကျနော်တို့ ရဲဘော်တွေ ဖမ်းဆီးခံထားရတယ်။ ကျနော်တို့ ရဲဘော်တွေ မလွတ်မြောက်သေးဘူးဆိုရင် ဒီလွှတ်တော်ကို သွားတက်ဖို့ အစီစဉ် မရှိဘူး။ လွှတ်တော်ကို ကြားနာပွဲဖြစ်ဖြစ်၊ တခြားသော အကြောင်းရာပဲဖြစ်ဖြစ် ဖိတ်ကြားတယ်ဆိုလို့ရှိရင် ကျနော်တို့ရဲ့ ရဲဘော်တွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုထားတယ်။”

လက်ပံတန်းမြို့မှာ ဖမ်းဆီးခံလိုက်ရတဲ့ ကျောင်သားတွေ ပြန်လည် လွတ်မြောက်ရေးအတွက်နဲ့ ဒီမိုကရေစီ ပညာရေး လှုပ်ရှားမူတွေ လုပ်ဖို့သာ လတ်တလော မူများချမှတ်ထားသလို ရေရှည်မှာတော့ လေးပွင့်ဆိုင် ဆွေးနွေးရေးကနေ ရရှိထားချက်တွေကို ဆုတ်ကိုင်ပြီး ကျောင်သားတွေ လိုလားတဲ့ ပညာရေးဥပဒေ ပြင်ဆင်ချက်တွေကို အတည်ပြုနိုင်ရေး ကြိုးစားသွားမယ်လို့ ပင်မ သပိတ်စစ်ကြောင်းကို အဓိက ဦးဆောင်တဲ့ ဗကသများအဖွဲ့ချုပ်က ပြောဆိုခဲ့တာပါ။

ဒီကနေ့မှာတော့ ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ကော်မတီဝင်တွေထဲက တကသကျောင်းသားတွေဟာ သတင်းစာရှင်းလင်းပွဲလုပ်ပြီး လွှတ်တော်ကို တက်မယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒီလို ဆုံးဖြတ်မှုကို ဗကသကိုယ်စားလှယ်တွေနဲ့ တိုင်ပင်ပြီးလုပ်တာလို့ တကသခေါင်းဆောင် ကိုဇေယျာလွင် က ဆိုပါတယ်။

“ဖမ်းဆီးကျောင်းသား ပြန်လွတ်ရေးကိစ္စကို ကျနော်တို့ တာဝန်ရှိတဲ့သူတွေနဲ့ ညှိနှိုင်းပြီးတော့ ကျနော်တို့ ဆောင်ရွက်နေပါတယ်။ အဲ့ဒါ ကျနော်တို့ ကျောင်းသားတွေရဲ့ စာမေးပွဲတွေနဲ့လည်း သက်ဆိုင်ပါတယ်။ ကျနော်တို့ ဒီ လှုပ်ရှားမှုနဲ့ ပတ်သက်ပြီးတော့ သူတို့ရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှု ဘယ်လောက်ရှိသလဲ ဆိုတာနဲ့ သက်ဆိုင်ပါတယ်။ လာမယ့် လွှတ်တော်တက်မယ့်ကိစ္စကို ကျနော်တို့ တက်မယ်ပေါ့။ ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီအနေနဲ့ လာမယ့် ၁၆ ရက်နေ့မှာ လွှတ်တော် တက်ရောက်ပါမယ်။ ရှိနေတဲ့ကိုယ်စားလှယ်တွေနဲ့ ကျနော်တို့ ညှိနှိုင်းပြီးတော့မှ ဆောင်ရွက်တာပါခင်ဗျ။ ကျနော်တို့ ဆက်တက်ဖို့ လက်ခံတယ်။ ဒါပေမဲ့ သူတို့အနေနဲ့တော့ လိုက်ပါ တက်ရောက်နိုင်တဲ့ အကြောင်းမရှိဘူးပေါ့ခင်ဗျာ။”

ဗကသကိုယ်စားလှယ်တွေကို လွှတ်တော်တက်ဖို့အတွက် ဆုံးဖြတ် သဘောထား မပေးထားသလို ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီကို ကိုယ်စားပြုပြီး တခြားကျောင်းသားတွေ တက်ရောက်ခြင်းကိုလည်း သဘောတူထားတာ မရှိကြောင်း ကိုကျော်ကိုကို က ပြောပါတယ်။

“ကျနော်တို့ဘက်က သဘောတူတယ်လို့ မပြောဘူး။ ဗကသကိုယ်စားလှယ်တွေ ပြန်မလွတ်လာမချင်း ကျနော်တို့ လွှတ်တော်ကို မတက်ဘူး။ ပြီးတော့ ဘယ်သူ့ကိုမဆို လွှတ်တော်တက်ဖို့ မန်းဒိတ် ကျနော်တို့ မပေးထားဘူး။ ကျနော်တို့ဘက်က မန်းဒိတ်မပေးထားဘူး။ သဘောတူညီမှုလည်း မပေးထားဘူး။ ကျန်တဲ့ကိုယ်စားလှယ်တွေက ကျနော်ပြောပြမယ် ၆ ဦးရှိတဲ့ထဲမှာ ၃ ဦး အဖမ်းခံထားရတယ်။ ၃ ဦးကျန်တယ်။ အဲ့ဒီ ကျန်တဲ့ ၃ ဦးထဲမှာ ကိုအောင်နေပိုင်ရယ်၊ ကိုနန္ဒစစ်အောင်ရယ်၊ ကိုစိုးလှိုင်ရယ်။ အခု ကိုစိုးလှိုင်ကလည်း အဖမ်းခံရတယ်လို့ သတင်းကြားနေတယ်။ ကိုစိုးလှိုင်ကလည်း ပြီးတော့ အဝေးမှာနေတာ၊ နယ်မှာနေတာ။ ကိုနန္ဒစစ်အောင်နဲ့ ကိုအောင်နေပိုင်ကိုလည်း ကျနော်တို့ မန်းဒိတ် မပေးဘူးလို့ ပြောလိုက်တယ်ဗျာ သူတို့ကို မန်းဒိတ်မပေးဘူးလို့ ပြောလိုက်တဲ့အတွက် သူတို့ကနေပြီးတော့ ကျော်ပြီးတော့ သဘောတူပါတယ်လို့ ပြောမှာမဟုတ်ဘူး။ ဒီလိုအခြေအနေမျိုးမှာ သူတို့ လွှတ်တော်တက်ချင်တယ်ဆိုရင် ကိုယ့်သဘောနဲ့ကိုယ် ဆုံးဖြတ်၊ ဒါ သူတို့သမိုင်းပဲ။ ကျနော်တို့နဲ့ ဘာမှမဆိုင်ဘူး။ ကျနော်တို့ မပြောတဲ့စကားကို ပြောပါတယ်ဆိုပြီးတော့ အဲ့လိုလုပ်တာတော့ မကောင်းဘူး။”

လတ်တလော အခြေအနေအောက်မှာ ပင်မသပိတ်စစ်ကြောင်းကို ဦးဆောင်တဲ့ ဗကသများအဖွဲ့ချုပ် သဘောထားဟာ ပြောင်းလဲမှာမဟုတ်သလို ဖမ်းဆီးခံထားရတဲ့ ကျောင်းသားများ ပြန်လွတ်မြောက်ရေးကိုသာ အဓိက လုပ်ဆောင်သွားမှာဖြစ်ကြောင်း ပြောဆိုသွားပါတယ်။ လက်ရှိ အခြေအနေမှာ တိုင်းနဲ့ ပြည်နယ်အသီးသီးမှာ ဆန္ဒပြနေတဲ့ ကျောင်းသားတွေနဲ့ ဗကသကျောင်းသားတွေကို အာဏာပိုင်တွေက လိုက်လံ ဖမ်းဆီးနေတာ ခြိမ်းခြောက်နေတာတွေ ရှိနေတာကြောင့် လုံခြုံရေးအခြေအနေအရ စိုးရိမ်မှုတွေ ရှိနေတယ်လို့လည်း ပြောသွားပါတယ်။

ဗကသကျောင်းသားခေါင်းဆောင် ထွက်ပြေးဆိုတဲ့ ကောလဟာလ သတင်းအပေါ် ကိုကျော်ကိုကိုနဲ့ မေးမြန်းချက်

Facebook လူမှုကွန်ယက် စာမျက်နှာမှာ ဗကသများအဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုကျော်ကိုကိုက သပိတ်ကို ပစ်ပြီးတော့ ထွက်ပြေး တိမ်းရှောင်သွားတယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်နေတဲ့အပေါ်မှာ ဗွီအိုအေမြန်မာပိုင်းက ဗကသများအဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုကျော်ကိုကို ဆက်သွယ်မေးမြန်းတဲ့ အခါမှာတော့ သူက အခုလို စဖြေပါတယ်။

ဖြေ။ ။ “အဲ့ဒီမတိုင်မီ ၉ ရက်နေ့ကတည်းက ကျနော်တို့ ဗကသ ဗဟိုလုပ်ငန်းကော်မတီ အစည်းအဝေးမှာ ကျနော်တို့အနေနဲ့ ရန်ကုန်ကို ပင်မသပိတ်စစ်ကြောင်း မရောက်ရောက်အောင် သွားမယ်။ ဒီလက်ပံတန်း အတားအဆီးတွေကို ထိုးဖောက်ပြီး မရောက်ရောက်အောင် သွားမယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ကျနော်တို့ လိုင်းချခဲ့တယ်။ လက်ပံတန်းကနေပြီး ရန်ကုန်ကို ပင်မသပိတ်စစ်ကြောင်း အခြေအနေ တစုံတရာအရ ရောက်သွားပြီဆိုတာနဲ့ ဒီဘက်မှာရှိတဲ့ tempo အနေအထားအရ လျှော့ချလို့ ရနိုင်သလောက် ကြိုးစားပြီးတော့ ကျနော်တု့ိ လျှော့ချမယ်ဆိုပြီးတော့ ကျနော်တို့အနေနဲ့ strategy အရ လိုင်းခွဲပြီး ကစားဖို့၊ ကျနော်တို့ ဆုံးဖြတ်ချက် ချလိုက်တယ်။ အဲ့ဒီထဲမှာ ကျနော်တို့ ရန်ကုန်မှာ ပင်မစစ်ကြောင်း ရောက်သွားပြီဆိုတာကို ပင်မစစ်ကြောင်းက image တခုခု ပေါ်သွားအောင်လို့ ကျနော်တို့ ဗဟိုလုပ်ငန်းကော်မတီက ရဲဘော်တွေရယ်၊ သပိတ်စစ်ကြောင်းရဲ့ နဖူးစည်းတချို့ရယ်၊ အလံတွေရယ်၊ တချို့ဟာတွေကို ရန်ကုန်မှာ ကြိုတင် စီစဉ်ထားဖို့ ကျနော်တို့ သွားကြတာဖြစ်တယ်။ အဲ့ဒါကို အစည်းအဝေး ဆုံးဖြတ်ချက်နဲ့အညီ ဗဟိုလုပ်ငန်းကော်မတီတချို့နဲ့ ရဲဘော် ၁၀ ယောက်လောက်ကို ကျနော်တို့ ထုတ်ထားပြီးတော့ အဲ့လို လျှို့ဝှက်ခရီးတခုနဲ့ ကျနော်တို့သွားပြီး ရန်ကုန်ကို ရောက်တယ်ဆိုတဲ့အကြောင်း ကြေညာလိုက်တယ်။ အဲ့ဒါက ကျနော်တို့ ထွက်ပြေးသွားတာ မဟုတ်ဘူး။ စခန်းကို စွန့်ခွာသွားတာ မဟုတ်ဘူး။ ကျနော်တို့အနေနဲ့ ဒါကို အစီအစဉ်အတိုင်း ဆောင်ရွက်တာ။ အဲ့ဒီလူမှုကွန်ယက် စာမျက်နှာတွေမှာ မနေ့က လှည်းတန်းလှုပ်ရှားမှုတွေမှာ ရှေ့ကနေပြီး လမ်းလျှောက်နေရင်း ပြေးတဲ့ပုံစံတွေကို ဓာတ်ပုံရိုက်ပြီးတော့ ပုံစာတွေနဲ့ သရော်နေတဲ့ အပိုင်းတွေကို ကျနော် နည်းနည်း ထပ်ရှင်းပြချင်တာက အဲ့ဒီအခြေအနေမျိုးမှာ ရဲတွေက ကျနော်တို့ သပိတ်စစ်ကြောင်းကို လာပြီးတော့ ဟန့်တားတယ်။ ရှေ့က အလံကိုင်တွေ တပ်ဦးကို ပြေးတက်သွားတဲ့နောက်ကို ကျနော်တို့က ပြေးလိုက်သွားတဲ့ပုံကို ရိုက်ထားတာပဲဖြစ်တယ်။ ဒါကို ကျောင်းသားခေါင်းဆောင်တွေ ထွက်ပြေးတယ် ဆိုပြီးတော့ သရော်နေတာဟာ မမှန်ဘူး။ ကျနော်တို့ လှုပ်ရှားနေတဲ့ ပုံသဏ္ဍန်မှာ ပါဝင်တဲ့ အခြေအနေအတိုင်းပဲ တဦးချင်းတဦးချင်း ပြန်လည် ဖျောက်ပြီးတော့မှ နောက်ထပ်နေရာတွေ၊ နောက်ထပ်နေရာတွေမှာ ဆက်လက် လှုပ်ရှားဖို့အတွက် ကျနော်တို့အနေနဲ့ လူကို ခွဲပြီးတော့ လှုပ်ရှားတာပဲဖြစ်တယ်။ ကျနော်တို့ သဘောထားက အစိုးရရှေ့မှောက် သိုးတွေလို လည်စင်းပေးပြီးတော့ စတေးခံဖို့မဟုတ်ဘူး။ ကျနော်တို့ တိုက်ပွဲတိုက်ဖို့အတွက် လူရှိမှဖြစ်မယ်။ တိုက်ပွဲအတွက် အလံနဲ့ အသံ ရှိမှဖြစ်မယ်ဆိုတဲ့ သဘောထား ကျနော်တို့မှာ ရှိပြီးသားပါ။”

ဒါကတော့ ဗကသများအဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုကျော်ကိုကို - ကို ဗွီအိုအေမြန်မာပိုင်းက ဆက်သွယ် မေးမြန်းထားတာဖြစ်ပါတယ်။

XS
SM
MD
LG