သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘာလီမီးတောင်အန္တရာယ် သတိပေးချက်တိုးမြင့်


အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းက အမြင့်ဆုံး မီးတောင် Agung ကနေ အသံတွေထွက်နေပြီး မီးခိုးနဲ့ ပြာတွေလည်း ထွက်နေတာကြောင့် ဘာလီကျွန်းကိုလာရောက်လည်ပတ်သူတွေအတွက် တာဝန်ရှိသူတွေက မီးတောင်အန္တရာယ် သတိပေးချက်ကို အဆင့်ထပ်တိုးလိုက်ပါတယ်။

မီးတောင်ချော်တွေကြောင့် မြေပြိုမှု၊ မီးတောင်က အပျက်အစီးနဲ့ ရေတွေကြောင့် တောင်စောင်းတလျှောက် ရွှံ့စီးကြောင်းကြီး ဖြစ်နေပါတယ်။ လှုပ်ရှားမှုတွေရှိလာတဲ့ မီးတောင်တဝှိက်ကို အန္တရာယ်ဇုန်အဖြစ် တာဝန်ရှိသူတွေက ၁၀ ကီလိုမီတာ အထိ တိုးချဲ့သတ်မှတ်ထားပြီး မီးတောင်နားမှာနေတဲ့ လူပေါင်း ၁ သိန်းလောက်ထိ ဘေးလွတ်ရာ ရွှေ့ပြောင်းနိုင်ဖို့လည်း ပြင်ဆင်နေကြပါတယ်။

မီးတောင်က ထွက်တဲ့ ချော်ရည်နဲ့ အရည်ပျော်နေတဲ့ ကျောက်ခဲတွေက တောင်စောင်းတလျှောက် လျှံကျလာနိုင်တယ်လို့ အမျိုးသား သဘာဝဘေးအန္တရာယ်ကာကွယ်ရေးအေဂျင်စီက Sutopo Purwo Nugroho က ဒေသခံတွေကို သတိပေးပါတယ်။ မီးတောင်က ပေါက်ကွဲမှုတွေကို မိုင်အဝေးကြီးကနေတောင် ကြားရပြီး မီးတောင်ထိပ်က မီးညွှန့်တွေကိုလည်း တွေ့နိုင်ပါတယ်။

သတိပေးချက် အဆင့်မြင်တဲ့အတွက် ဘာလီကျွန်းလေဆိပ်ကို တနင်္လာနေ့အစောပိုင်းက ပိတ်လိုက်ရပြီး လေကြောင်း ၄၄၅ လိုင်း ဖျက်သိမ်းလိုက်ရတာကြောင့် ခရီးသည် ၅ သောင်း ၉ ထောင်ရဲ့ ခရီးစဉ်တွေ ပျက်ခဲ့ရပါတယ်။ ကြိုပြီး သတိပေးထားတာလည်း မရှိဘူးလို့ ခရီးစဉ်ပျက်လို့ စိတ်ညစ်နေတဲ့ ခရီးသည်တွေက ပြောပါတယ်။

ဘာလီကျွန်းကနေ ပြန်လို့မရဘဲ ဖြစ်နေတဲ့ ခရီးသွားတချို့ကတော့ ရောက်တုန်းရောက်ခိုက် Agung မီးတောင် ပေါက်တာကို ကြည့်ဖို့ လေ့လာရေးစခန်းကို သွားကြတဲ့အကြောင်း ရိုက်တာသတင်းက ဖော်ပြထားပါတယ်။ Agung မီးတောင်ဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့ကစပြီး လှုပ်ရှားမှုတွေဖြစ်လာပြီး ပြာ တွေပါတဲ့ တိမ်ခိုးတွေ ထွက်နေတာလည်း ဖြစ်ပါတယ်။ ၁၉၆၃ ခုနှစ်တုန်းက Agung မီးတောင် ပေါက်ကွဲခဲ့ပြီး လူ ၁ ထောင်ကျော် သေဆုံးခဲ့ရပါတယ်။

ဆူမားတျားကျွန်းက Sinabung မီးတောင်ကိုလည်း ၂၀၁၃ ခုနှစ်ကတည်းက မီးတောင်ရှင်အဖြစ် သတ်မှတ်ထားပြီး စောင့်ကြည့်ရမယ့် ပေါက်ကွဲနိုင်တဲ့ မီးတောင်စာရင်းထဲမှာ ပါဝင်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG