သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်တွင်း ကာကွယ်ရေး အရံ တပ်ဖွဲ့တွေ Baltimore မှာ ဖြန့်ချ


ဘော်လ်တီမိုး အဓိကရုဏ်း။
ဘော်လ်တီမိုး အဓိကရုဏ်း။

အဓိကရုဏ်းတွေနဲ့ မတည်မငြိမ်ဖြစ်နေတဲ့ အမေရိကန်ပြည်ထောင်စု၊ မေရီလန်းပြည်နယ်၊ ဘော်လ်တီမိုးမြို့မှာ ပြည်တွင်း ကာကွယ်ရေး အရံတပ်ဖွဲ့တွေကို လွှတ်ထားပါတယ်။ ဒီလအစောပိုင်းမှာ ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားချိန်အတွင်း အဖမ်းခံရတဲ့အချိန် က ရခဲ့တဲ့ဒဏ်ရာတွေနဲ့ ကွယ်လွန်သွားတဲ့ အသက် ၂၅ နှစ်အရွယ် Freddie Gray ရဲ့ ဈာပနပြီးတဲ့နောက် ရုန်းရင်းဆန်ခတ် အခြေအနေတွေ ဖြစ်ခဲ့တာပါ။

မေရီလန်းပြည်နယ်အုပ်ချုပ်ရေးမှူး Larry Hogan က ဘော်လ်တီမိုးမြို့မှာ အရေးပေါ်အခြေအနေ ကြေညာထားပြီး ဒီကနေ့ ကျောင်းတွေပိတ်ထားပါတယ်။ အခု အဓိကရုဏ်းတွေဟာ ဘော်လ်တီမိုးမြို့မှာ ဖြစ်ခဲ့ဖူးသမျှထဲ အဆိုးရွားဖြစ်ရပ် တခုပါပဲလို့ မြို့တော်ဝန် Stephanie Rawlings-Blake ကပြောပြီး သီတင်းတပတ်ကြာ ညမထွက်ရအမိန့် ထုတ်ထားပါတယ်။

မြို့ရဲ့နေရာအများအပြားမှာ မီးလောင်တာတွေကို ဒီကနေ့ လင်းအားကြီးအချိန်ထိ မီးသတ်သမားတွေ ဆက် ငြိမ်းသတ်ခဲ့ရပါ တယ်။ မီးလောင်တဲ့ထဲမှာ ခရစ်ယာန်ဘုရားကျောင်းတခုက ဆောက်နေတဲ့ သက်ကြီးရွယ်အို ဂေဟာတခုလဲ ပါပါတယ်။

တနင်္လာနေ့က ကျောင်းတွေဆင်းပြီးတဲ့နောက် ရာပေါင်းများစွာသော အထက်တန်းကျောင်းသားတွေ မြို့ထဲက ကုန်တိုက်တခုဆီ ချီတက်ကြရင်း အကြမ်းဖက် အဓိကရုဏ်းတွေ စဖြစ်တာပါ။ အဲဒီကနေ ရပ်ကွက် အတော်များများ အထိ ပြန့်သွားပြီး ဆန္ဒပြပွဲကနေ ရုန်းရင်းဆန်ခတ် အခြေအနေ ပြောင်းသွားတာနဲ့ အမျှ ရဲတပ်ဖွဲ့က မထိန်းသိမ်းနိုင် ဖြစ်ခဲ့ရပါတယ်။

စီးပွားရေးလုပ်ငန်းတွေ၊ မော်တော်ယာဉ်တွေကို လုယက် ဖျက်ဆီး မီးရှို့တာတွေ ရှိခဲ့ပြီး ဆန္ဒပြသူတွေက အဓိကရုဏ်းနှိမ်နင်းရေး ရဲတွေကို ကျောက်ခဲတွေ၊ အုတ်ခဲတွေ၊ ပုလင်းတွေ၊ တခြားအရာတွေနဲ့ ပစ်ပေါက်ခဲ့ကြပါတယ်။

XS
SM
MD
LG