အမေရိကန်နိုင်ငံ အရှေ့ခြမ်း Baltimore မြို့မှာ ကြီးမားတဲ့ လူအုပ်ကြီးက ချီတက် ဆန္ဒပြနေပါတယ်။ ဒါပေမယ့် ဒီ ဆန္ဒပြပွဲဟာ ငြိမ်းငြိမ်းချမ်းချမ်း ပြီးဆုံးသွားလိမ့်မယ်လို့ ရဲတပ်ဖွဲ့က မျှော်လင့်ထားပါတယ်။
အာဖရိကန် - အမေရိကန်လို့ခေါ်တဲ့ လူမဲတွေအပေါ် ရဲတပ်ဖွဲ့ မဖွယ်မရာ ပြုမူ ဆက်ဆံတာကို ကန့်ကွက်တဲ့အနေနဲ့ ဆန္ဒပြ လူအုပ်ကြီးဟာ မြို့လယ် အဓိက မီးရထား ဘူတာရုံကနေ မြို့တော် ခန်းမရှိရာကို ချီတက်နေကြတာ ဖြစ်ပါတယ်။
ရဲက ထိန်းသိမ်းထားစဉ် လူငယ် လူမဲအမျိုးသားတဦး သေဆုံးသွားပြီးတဲ့နောက် ၂ ရက်ဆက်တိုက် ဆူပူမှုတွေ ဖြစ်ပွားခဲ့တဲ့အတွက် အင်္ဂါညက ကာဖြူး ညမထွက်ရအမိန့် ထုတ်ပြန်ထားပေမယ့် ဗုဒ္ဓဟူးနေ့ကတော့ မြို့ရဲ့ အခြေအနေတွေဟာ ပုံမှန်အတိုင်း ပြန်လည် လည်ပတ်နေပါတယ်။ ညမထွက်ရအမိန့်ကို သီတင်းတပတ်ကြာ ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။
အများသုံး ဘတ်စ်ကားတွေ၊ မြို့ပတ်ရထားတွေမှာ လူတွေ ပုံမှန်အတိုင်း ပြည့်ကျပ်နေပြီး စာသင်ကျောင်းတွေလည်း ပြန်ဖွင့်ခဲ့ပါတယ်။ Blatimore မြို့က နံမည်ကြီး သံစုံတီးဝိုင်းအဖွဲ့ဟာလည်း အပြင်မှာ အခမဲ့ ဖျော်ဖြေပေးခဲ့ပါတယ်။
ဒါပေမယ့် Baltimore မြို့ခံ Baseball အသင်းဖြစ်တဲ့ Orioles နဲ့ Chicago White Sox အသင်းတို့ ဗုဒ္ဓဟူးနေ့က ကစားခဲ့ပေမယ့် အများပြည်သူကို ၀င်ရောက်ကြည့်ရှုခွင့် မပေးခဲ့ပါတယ်။ တနည်းအားဖြင့်တော့ ပရိတ်သတ်တွေ ကြည့်ခွင့်မရတဲ့ Baseball ပွဲကို ကစားခဲ့ကြတာပါ။
မယ်ရီလန်းပြည်နယ် အုပ်ချုပ်ရေးမှူး Larry Hogan လည်း ပြဿနာဖြစ်ခဲ့တဲ့ နေရာတချို့ကို သွားရောက်ပြီး ဒေသခံတွေနဲ့ စကားပြောကြားပြီးနဲ့နောက် မြို့အခြေအနေဟာ တည်ငြိမ် အေးချမ်းသွားပြီလို့ ပြောပါတယ်။
ဒီအတောအတွင်း - Baltimore မြို့က ဆန္ဒပြပွဲတွေကို ထောက်ခံတဲ့အနေနဲ့ အမေရိကန် နိုင်ငံအတွင်းက တခြားမြို့ အတော်များများမှာလည်း ချီတက် ဆန္ဒပြပွဲတွေ ပြုလုပ်နေပါတယ်။