သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Baltimore အခြေအနေ ငြိမ်သက်


Baltimore မြို့မှာ အင်္ဂါနေ့က ငြိမ်းချမ်းစွာ ဆန္ဒပြနေကြစဉ်။
Baltimore မြို့မှာ အင်္ဂါနေ့က ငြိမ်းချမ်းစွာ ဆန္ဒပြနေကြစဉ်။

အမေရိကန်နိုင်ငံ၊ မယ်ရီလန်းပြည်နယ်၊ Baltimore မြို့မှာ ရဲက ထိန်းသိမ်းထားစဉ် ဆယ်ကျော်သက် လူမဲအမျိုးသားတဦး သေဆုံးသွားတာကြောင့် တနင်္လာနေ့က အကြမ်းဖက် ဆူပူမှုတွေ ဖြစ်ခဲ့ပြီးတဲ့နောက်ပိုင်း အင်္ဂါနေ့ကတော့ အခြေအနေတွေဟာ သိသိသာသာ ငြိမ်းချမ်းမှု ရှိနေတယ်လို့ Baltimore ရဲတပ်ဖွဲ့က ပြောပါတယ်။

အင်္ဂါနေ့က အခြေအနေတွေ တည်ငြိမ်နေတယ်ဆိုပေမယ့်လည်း ဒေသခံတွေဟာ စုဝေးပွဲ ပြုလုပ်တာ၊ ကြိုကြား ငြိမ်းချမ်းစွာ ချီတက် ဆန္ဒပြတာတွေ ပြုလုပ်ခဲ့ကြပြီး လုံခြုံရေးတပ်ဖွဲ့တွေလည်း Baltimore မြို့ တမြို့လုံးမှာ ချထားပါတယ်။

စတိုးဆိုင်တွေနဲ့ နံမည်ကြီး အဝတ်အထည်ဆိုင်တွေ အပါအဝင် မြို့တွင်းက အဆင်းရဲဆုံး ရပ်ကွက်အတွက် အဓိက အရေးပါတဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေ ပေးနေတဲ့ စတိုးဆိုင်တွေကို ဖောက်ခွဲ၊ လုယူတာ၊ မီးရှို့ ဖျက်ဆီးတာတွေ တနင်္လာနေ့က လုပ်ခဲ့ပြီးနောက် အင်္ဂါနေ့မှာတော့ ဒေသခံတွေဟာ ပထမနေ့က လမ်းပေါ်ရောက်နေတဲ့ အမှိုက်တွေကို ရှင်းလင်းခဲ့ကြပါတယ်။

မြို့တော်ဝန် Stephanie Rawling-Blake ဟာလည်း ပြဿနာဖြစ်ခဲ့တဲ့ ရပ်ကွက်တွေကို အင်္ဂါနေ့ တနေ့လုံး လိုက်လံ ကြည့်ရှုခဲ့ပါတယ်။ မြို့ခံတွေက အချင်းချင်း ရိုင်းပင်းကူညီတာတွေ၊ ကိုယ့်မြို့ကိုယ် ပြန်လည် ပိုင်ဆိုင်ရေးအတွက် လုပ်ဆောင်တာတွေကို တွေ့ခဲ့ရတဲ့အတွက် စစ်မှန်တဲ့ Baltimore မြို့ရဲ့ အနေအထားကို တွေ့မြင်ခွင့် ရခဲ့တယ်လို့ မြို့တော်ဝန်က ပြောပါတယ်။

သမ္မတ အိုဘားမားကတော့ တနင်္လာနေ့က ဖြစ်သွားတဲ့ ဖြစ်ရပ်ဟာ လွန်ခဲ့တဲ့ ရက်ပေါင်း များစွာအတွင်း ငြိမ်းချမ်းစွာ မိမိတို့ရဲ့ ရပိုင်ခွင့်ကို ဥပဒေဘောင်အတွင်းက တောင်းဆိုခဲ့တဲ့ လုပ်ရပ်ကို ပျက်ပြားသွားစေတယ်လို့ ပြောပါတယ်။

“ မနေ့က မြင်တွေ့လိုက်ရတဲ့ အကြမ်းဖက်မှုဟာ ခွင့်လွတ်နိုင်စရာ အကြောင်းမရှိတဲ့အကြောင်း၊ အဲဒါဟာ အကျိုးယုတ်စေတဲ့အကြောင်း၊ အဲဒီလုပ်ရပ်ဟာ ဆန္ဒပြတာမဟုတ်ပဲ လူတချို့က ဖြစ်ပေါ်နေတဲ့ အခြေအနေပေါ်မှာ အခွင့်အကောင်းယူပြီး လုပ်သွားကြတာ ဖြစ်တဲ့အတွက် သူတို့ကို ရဇဝတ်သားတွေလိုပဲ ဆက်ဆံရမှာဖြစ်တယ်လို့ သမ္မတ အိုဘားမားက ပြောသွားတာပါ။”

Baltimore မြို့မှာ အရေးပေါ် အခြေအနေ ကြေငြာထားဆဲ ဖြစ်ပါတယ်။

XS
SM
MD
LG