သုံးရလွယ်ကူစေသည့် Link များ

ကချင်ပြည်နယ် ဗန်းမော်မြို့ကနေ ကသာမြို့ကိုပြေးဆွဲတဲ့ ရှပ်ပြေးရေယာဉ်ဟာ ဒီကနေ့မနက် ဗန်းမော်ဆိပ်ကမ်းကအထွက်မှာ တိမ်းမှောက်ခဲ့ပြီး လူ ၃၀ လောက်ပျောက်ဆုံးနေကြောင်း ဗန်းမော်မြို့ခံတွေက ပြောပါတယ်။ လောလောဆယ်မှာတော့ ရေယာဉ်ပေါ်လိုက်ပါသွားသူ ၇၀ ကျော် ကို ကယ်တင်ထားပြီး သေဆုံးသူ ရုပ်အလောင်းတလောင်းကိုလည်း ရရှိထားပါတယ်။ ဒီသတင်း ကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် ကိုမိုးဇော်က တင်ပြပေးထားပါတယ်။

ဗန်းမော်ဆိပ်ကမ်းကအထွက် ရှပ်ပြေးရေယာဉ် တိမ်းမှောက်တာကတော့ မနက် ၉ နာရီကျော်လောက်မှာ ဖြစ်ပြီး ရေယာဉ်အထွက်မှာ စက်ချွတ်ယွင်း တာကြောင့် တိမ်းမှောက်ခဲ့ တာလို့ ဒေသခံတွေက ပြောပါတယ်။ ရှပ်ပြေးရေယာဉ် တိမ်းမှောက်ရတဲ့အခြေအနေကို ဗန်းမော်မြို့ခံ တယောက်က အခုလို ပြောပါတယ်။

“ရှပ်ပြေးမှောက်တယ်လေ။ ကမ်းနားလေးမှာပဲ။ ဂီယာညပ်ပြီးတော့ ထွက်လို့ မရတဲ့ အချိန်မှာ မှောက် တာ။ ၉နာရီ ၁၀မိနစ်လောက်မှာ။ ရှပ်ပြေးဂိတ်မှာပဲ။ ဂိတ်မှာပဲ အထွက်မှာပဲလေ။ လှည့်အထွက်မှာပေါ့။ ဂီယာညပ်ထားတော့ သူတို့ အပြောပေါ့။ လီဗာက နင်းလို့ မရဘူး။ အဲမှာ မော်တော်တွေကလည်း ပိတ်ထားတာကိုး။ အဲဒီမှာ ရေစီးအားနဲ့ဆိုတော့ မှောက်သွားတယ်လို့ ပြောတာ။ မိုးကလည်း တအား ရွာနေတာလေ။ ရေကလည်း တိုးနေတာဆိုတော့။”

နစ်မြုပ်သွားတဲ့ ရှပ်ပြေးရေယာဉ်ဟာ အရှည်ပေ ၆၀ လောက်ရှိပြီး နစ်မြုပ်ချိန်မှာ ရေယာဉ်ပေါ် လိုက်ပါလာသူ ၁၀၀ ကျော်လောက် ရှိမယ်လို့လည်း ဒေသခံတွေက ခန့်မှန်းထားပါတယ်။

လောလောဆယ်မှာတော့ ခရီးသည်တယောက် သေဆုံးတယ်လို့ ဗန်းမော်မြို့ခံက ဆက်ပြောပါတယ်။
“၁၀၀ တော့ ကျော်မယ်ခင်ဗျ။ ၁၄၀ လောက်လည်း ပြောကြတာပဲ။ တချို့က လက်မှတ်မရဘူးလေ။ လက်မှတ်မရတဲ့သူတွေလည်း ဒီတိုင်းပဲ တက်လိုက် ကြတာကိုး။ အတိအကျက ပြောလို့ မရဘူး။လောလောဆယ်မှာတော့ ၆၈ ယောက်တော့ ရပြီပြောတာပဲ။ ကယ်နိုင်တာပေါ့။ ဆေးရုံမှာတော့ ကျနော် ခုနက သွားကြည့်တာတော့ တလောင်းပဲ ရှိသေးတယ်။ ဆေးရုံမှာ လောလောဆယ် ၈ ယောက် ရောက်ထားတာ တစ်ယောက်တော့ သေထားတယ်။”

ရှပ်ပြေးရေယာဉ်နစ်ချိန်မှာ မိုးရွာနေတာကြောင့် မိုးကာအုပ်ထားတဲ့အတွက်အထဲက မထွက်နိုင် သူတွေရှိသလို တချို့ကတော့ ကမ်းနားမှာ တန်းစီ ရပ်ထားတဲ့ တခြား ရှပ်ပြေးရေယာဉ်တွေအောက် ကိုလည်း ၀င်သွားနိုင်တယ်လို့ ပြောပါတယ်။ အခြားဒေသခံတယောက်ကတော့ ကျောင်းသား ၅ ယောက်နဲ့ ဆရာတစ်ယောက် ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ အခုလို ပြောပါတယ်။

“ရှပ်ပြေးမှာပါသွားတဲ့လူဦးရေကို မသိတာ။ တချို့က လက်မှတ်မရတဲ့လူတွေနဲ့ဆိုတော့လေ ခန့်မှန်းခြေပြောနေကြတာ။ အခုလောလောဆယ်- ဆယ်လို့ ရထားတဲ့ဟာတွေပေါ့နော်။ အသက်ရှင်ရက်က ၇၀ ကျော်ရထားပြီ။ အခုလောလောဆယ် သေတာ တစ်ယောက်ပဲ ရှိတယ်။ ကျောင်းသားတွေ တော်တော် များများပါတယ်။ ကျောင်းသား ၅ ယောက်နဲ့ ဆရာတယောက် အခုလောလောဆယ် မတွေ့သေးတာ။”

ကျောင်းသားတွေကတော့ မြစ်ကြီးနားမြို့ ကျောင်းသားအားကစားပွဲတော်ကို ကသာ-နဘား ရထားလမ်းကနေ သွားဖို့ လိုက်ပါလာကြတာဖြစ်တယ်လို့လည်း ပြောပါတယ်။ ဗန်းမော်ဒေသခံတွေ ကတော့ ပျောက်ဆုံးသူ အနည်းဆုံး ၃၀ ကျော်မယ်လို့ ခန့်မှန်းကြပါတယ်။ ရေယာဉ် နစ်မြုပ် ပြီးနောက်မှာတော့ ဗန်းမော်မြို့က အုပ်ချုပ်ရေးမှူးရုံးအဖွဲ့အပါအ၀င် ဌာနဆိုင်ရာနဲ့ နိုင်ငံရေး ပါတီတွေ ကလည်း ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်နေကြပါတယ်။ ဗန်းမော်မြို့က ရဲစခန်းကို မေးမြန်းရာမှာတော့ အခင်းဖြစ်ပွားရာကို ခရိုင်ရဲမှူးကြီးကိုယ်တိုင်သွားရောက်နေပြီး အခြေအနေအသေးစိတ်ကိုတော့ မသိရသေးဘူးလို့ ပြောပါတယ်။

ပြီးခဲ့တဲ့မတ်လအတွင်းကလည်း ပုသိမ်မြို့နဲ့ ငပုတောမြို့ပြေးဆွဲတဲ့ ပုသိမ်သူ (၁၁) သင်္ဘော တိမ်းမှောက်ခဲ့တာကြောင့် လူ ၂၀ ကျော်သေဆုံးခဲ့သလို ၂၀၁၁ ခုနှစ်က ဇွန်လက ဘိုကလေးမြို့နယ်အတွင်းမှာ စက်လှေတိမ်းမှောက်တာကြောင့် ကျောင်းသူ ကျောင်းသား ၅ ယောက် သေဆုံးခဲ့ရပါတယ်။

မြန်မာနိုင်ငံမှာ ရေယာဉ်တိမ်းမှောက်မှုတွေဟာ မကြာခဏဆိုသလို ဖြစ်ပွားလေ့ရှိပြီး ဒီလို တိမ်းမှောက်တာကတော့ သတ်မှတ်တန်ချိန်ထက် ပိုလွန် တင်ဆောင်တာကလည်း အကြောင်းအချက်တရပ်အဖြစ်ပါဝင်ကြောင်း သုံးသပ်တာတွေ ရှိနေပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG