သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုဂံ ဘုရားပစ္စယံတွေအပေါ် တက်ရောက်ခွင့် ပိတ်ပင်တော့မည်


ပုံဂံ ရှေးဟောင်းယဉ်ကျေးမှု နယ်မြေရှိ ရွှေဆံတော်ဘုရားအပေါ်မှ နေဝင်ချိန် ရှုခင်း ကြည့်ရှနေသော ကမ္ဘာလှည့် ခရီးသွားများ။ (AP Photo/Gemunu Amarasinghe)
ပုံဂံ ရှေးဟောင်းယဉ်ကျေးမှု နယ်မြေရှိ ရွှေဆံတော်ဘုရားအပေါ်မှ နေဝင်ချိန် ရှုခင်း ကြည့်ရှနေသော ကမ္ဘာလှည့် ခရီးသွားများ။ (AP Photo/Gemunu Amarasinghe)

လာမယ့် မတ်လ(၁)ရက်နေ့ကစပြီး၊ ပုဂံ ယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်းက ဘယ် ဘုရား ပစ္စယံတွေပေါ်ကိုမှ တက်ရောက်ခွင့် မပြုတော့ဘူးလို့ ဒီကနေ့မှာ ယဉ်ကျေးမှု ဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။ မကြာသေးခင်က ဘုရား ပစ္စယံအတွင်းမှာ ပွဲလမ်းသဘင်ကျင်းပပြီး ကပြတဲ့ ဗွီဒီယိုဖိုင်တခုလူမှုကွန်ယက်မှာ တက်လာအပြီးမှာ အခုလို ထုတ်ပြန်ကြေငြာလိုက်တာပါ။ ဒီဗွီဒီယိုဖိုင်ကြောင့်လည်း လူတော်တော် များများက အစိုးရရဲ့ရှေးဟောင်း အမွေအနှစ် ထိမ်းသိမ်းတဲ့အပေါ်ဝေဖန်ခဲ့ကြတဲ့ အပြင်လုပ်ဆောင်ခဲ့သူတွေကိုလည်းတောင်းပန်ဖို့အထိ ပြင်းပြင်းထန်ထန် ဝေဖန် ခဲ့ကြတာပါ။ ဒီကနေ့ ထုတ်ပြန်ချက်ထဲမှာလည်း အဲအချက်ကို ထည့်သွင်းထား ပါတယ်။ ဒီသတင်းကိုဗွီအိုအေမြန်မာပိုင်းက မေခကပေးပို့ထားပါတယ်။

ထုတ်ပြန်ထားတဲ့ကြေငြာချက်အရ လူများတက်ရောက်မှုကြောင့် ရှေးဟောင်း အဆောက်အဦးတွေရဲ့ ခံနိုင်ရည်လျော့နည်း လာရသလို တက်ရောက်သူများကို အန္တရာယ်များစေကြောင်း၊ ထိုအပြင် မလျော်ကန်သည့် ဝတ်စားဆင်ယင်မှု၊ ကခုန်သီဆိုမှု၊ ဘုရားပေါ်တွင် အိပ်စက်ခြင်း စသည့် ယဉ်ကျေးမှုဖြစ်စဉ်ကို ထိခိုက် ယိုယွင်းစေသည့် အပြုအမှုများကြောင့်လည်း အခုလို ပိတ်ရတာ ဖြစ်ကြောင်းလည်းဖော်ပြထားပါတယ်။ ဒီလိုထုတ်ပြန်မှုဟာ ယဉ်ကျေးမှုထိမ်းသိမ်းမှု တခုဖြစ်တာကြောင့် လုပ်ဆောင်သင့်တယ်လို့ သုံးသပ်သူတွေရှိနေသလို ကမ္ဘာလှည့်တွေ ကိုစွဲဆောင်ရာနေရာတခု အဖြစ်တည်ရှိနေတဲ့ ပုဂံဒေသအတွက် ဒါဟာ စွဲဆောင်မှု လျော့စေတဲ့အချက်တချက်လို့ သုံးသပ်သူတွေလည်း ရှိနေပါတယ်။

တံမ္ပဝတီ ဦးဝင်းမောင် က ဒီထုတ်ပြန်ချက်အပေါ်သူ့အမြင်ကိုခုလိုပြောပြပါတယ်။

“အခုဟာက ဒီလိုရှိတာပေါ့ ခင်ဗျာ။ ပုဂံ ဘုရားကို အသုံးချတဲ့ သူတွေက ရှိနေတယ်။ အဲဒီအပေါ်မှာ ထမင်းစားပွဲ လုပ်တာတို့၊ ကပွဲ လုပ်တာတို့၊ အဲဒီလို ဟာမျိုးတွေ ရှိနေတယ်။ ကျွန်တော်တို့ ပြဿဒါးကြီး ဘုရားပေါ်မှာ လုပ်တာတို့ ဘာတို့၊ အဲဒါတွေက မသင့်တော်ဘူးပေါ့။ အဲဒါမျိုးတွေကတော့ အမိန့်ထုတ်ပြန်လိုက်တဲ့ အတွက် ကောင်းပါတယ်။ ဒါပေမယ့် ချွင်းချက်ကလေး တစ်ခုတော့ရှိသင့်ပါတယ်။ ဘာလို့လဲဆိုတော့ ပုဂံ ဘုရားတွေပေါ် မတက်ရဘူးဆိုတာက မူလက တက်ဖို့ အတွက်ကို လှေကားတွေ ဘာတွေ တပ်ထားခဲ့တာ ဆိုတော့၊ စီစစ်ပြီးတော့ပေါ့။ အပျော်တက်တဲ့သူတော့ ပေးမတက်ပဲနဲ့၊ ပညာရှင်တွေကိုတော့ တက်ခွင့်ပေးရင် ကောင်းတယ်။ ထိမ်းသိမ်းတာတော့ ထိမ်းသိမ်းတာပေါ့ ဒါပေမယ့် တက်လည်း တက်နိုင်အောင် ပျက်လည်း မပျက်အောင် နည်းလမ်းရှာနိုင်ရင်တော့ ပိုကောင်းတာပေါ့။ ”

ခရီးသွားလုပ်ငန်းရှင် SST Tour ကုမ္ပဏီက အုပ်ချုပ်မှုဒါရိုက်တာ တဦးဖြစ်တဲ့ ဦးစောလှချစ် ကလည်း သူ့အမြင်ကိုခုလိုပြောပါတယ်။

”တကယ်တမ်းက အတက်ရှိပါတယ်။ ဒီဟာကတော့လေ။ မတက်တာထက်စာရင်တော့ တက်နေတာက ပိုပြီးတော့ အတက်များတာပေါ့နော်။ တစ်ဖက်တော့လည်း ကောင်းပါတယ်။ တစ်ဖက် alternative တော့လည်း သူတို့ လုပ်ပေးရလိမ့်မယ် ထင်တယ်။ ဒီနောက်လာမယ့် ရာသီကျရင်တော့လည်းပဲ alternative တစ်ခုခု တော့ လုပ်ပေးလိမ့်မယ်လို့ ကျွန်တော် ထင်တယ်။ ဒီလိုကြီးတော့ ကြည့်လို့ မရလောက်အောင်တော့လည်း မထားလောက်ဘူးလို့ ကျွန်တော် ထင်တယ်။ ဒါလည်း ကျွန်တော့်ဘက်က အမြင်ပေါ့။ ဒါလည်း လုပ်သင့်တဲ့ အလုပ်လို့ ကျွန်တော် ထင်တယ်။ ဒါပေမယ့်လို့လည်း ဘာပဲဖြစ်ဖြစ် တစ်ခုခုတော့ alternative ပြန် လုပ်ပေးရမှာပေါ့။”

ပုဂံ ရှေးဟောင်းမြို့ကို အေဒီ ၉ ရာစုမှာ စတင် တည်ထောင်ခဲ့ကာ ၁၁ ရာစုခန့် အထိ ထွန်းကားခဲ့တဲ့ ပုဂံဟာ ၁၆ စတုရန်းမိုင် ကျယ်ဝန်းပြီး ဘုရား ပုထိုး၊ စေတီ၊ အုတ်ကျောင်း ၃ထောင်ကျော်ရှိပါတယ်။ ငလျင်ဒဏ်လည်း ၃ကြိမ်ခံထားရတဲ့ ရှေးဟောင်းယဉ်ကျေးမှု နေရာတနေရာဖြစ်ပါတယ်။

XS
SM
MD
LG