သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလအတွင်းရေးမှူးချုပ် မြန်မာနိုင်ငံရောက်


ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်း ရန်ကုန်မြို့ကို ရောက်ရှိစဉ်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်း ရန်ကုန်မြို့ကို ရောက်ရှိစဉ်။

မြန်မာနိုင်ငံကို သုံးရက်ကြာခရီးစဉ်အဖြစ် မနေ့ကစပြီး ရောက်ရှိနေတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းဟာ ဒီကနေ့ တနင်္လာနေ့ နေပြည်တော်မှာ နိုင်ငံတော်သမ္မတနဲ့ တွေဖို့ရှိသလို ပြည်ထောင်စု လွှတ်တော်မှာ မိန့်ခွန်းပြောကြားဖို့လည်း ရှိနေပါတယ်။ မြန်မာနိုင်ငံမှာ လက်ရှိတွေ့နေရတဲ့ အပြောင်းအလဲ တွေဟာ အစကနဦးအဆင့်ပဲရှိသေးပြီး ရှေ့ဆက်လုပ်စရာတွေ ကျန်သေးတယ်လို့ မစ္စတာဘန်က ပြောပါ တယ်။ မစ္စတာဘန်ရဲ့ ခရီးစဉ်အကြောင်း ကိုသားညွန့်ဦးက စုစည်းတင်ပြပေးမှာပါ။

ပြီးခဲ့တဲ့ တနှစ်အတွင်းက ဆောင်ရွက်လာတဲ့ မြန်မာနိုင်ငံတွင်း နိုင်ငံရေးနဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေ အရှိန်နည်းနည်းပြန်ကျနေတဲ့အချိန် အရေးကြီးကာလမှာ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း မြန်မာနိုင်ငံကို ရောက်ရှိလာတာဖြစ်ပါတယ်။ အထူးသဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ အာဏာပိုင်တွေအကြား လွှတ်တော်ဝင်ရေးကိစ္စ အတန်ငယ်တင်းမာနေတဲ့အချိန်၊ ကချင်ပြည်နယ်ဘက်မှာ မြန်မာစစ်တပ်နဲ့ ကချင် လက်နက်ကိုင်တပ်တွေအကြား တိုက်ပွဲတွေ ပြန်တွေ့နေရတဲ့အချိန်မှာ ကုလသမဂ္ဂအတွင်းရေးမှူးချျုပ် ရောက် ရှိလာတာမို့ လူ့အခွင့်အရေးအဖွဲ့တွေကတော့ မစ္စတာဘန်အနေနဲ့ မြန်မာအာဏာပိုင်တွေကို ပြုပြင်ပြောင်း လဲရေးကိစ္စ ဖိအားပေးဖို့ လိုလားနေကြပါတယ်။ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းဟာ ဒီကနေ့ နေပြည်တော် သွားပြီး သမ္မတဦးသိန်းစိန်အပါအဝင် အာဏာပိုင်တွေနဲ့တွေဆုံဖို့ရှိပါတယ်။ လက်ရှိ မြန်မာနိုင်ငံ အခြေအနေ ဟာ မသေချာမရေရာသေးဘဲ စိန်ခေါ်အကဲစမ်းမှုတွေ ရှိနေတယ်လို့ မစ္စတာဘန်က ပြောပါတယ်။

“မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းမှုဟာ အခုမှ အစပဲ ရှိပါသေးတယ်။ ရှေ့ဆက် စိန်ခေါ်အကဲစမ်းချက်တွေ အများကြီးရှိပါတယ်။ စိုးရိမ်ပူပင်စရာ အခြေအနေ အတော်များများကိုလည်း ဖြေရှင်းရဦးမှာပါ။ မြန်မာနိုင်ငံ အနာဂတ် ပိုပြီးကောင်းမွန်လာဖို့ ကူညီရေးအတွက် မကြုံစဖူး အခွင့်အလမ်းကောင်း ရှိနေပြီလို့တော့ ကျနော် ယူဆထားပါတယ်။”

မစ္စတာဘန်ရဲ့ ဒီနေ့ ခရီးစဉ်နဲ့ပတ်သက်လို့တော့ ရန်ကုန်က သတင်းထောက်တဦးက အခုလို ပြောပါတယ်။

“မနက်ဖြန်ကျရင်တော့ မနက် ၉ နာရီမှာ သမ္မတကြီးနဲ့ တွေ့မယ်။ ၁၀ နာရီမှာ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌသူရ ဦးရွှေမန်းနဲ့ တွေ့မယ်။ ၁၀ နာရီ ၄၀ မှာ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နဲ့ တွေ့မယ်။ ၁၁ နာရီ ၂၀ မှာ ပြည်ထောင်စုလွှတ်တော်မှာ မိန့်ခွန်းပြောမယ်။ ဒေါ်စုနဲ့တွေ့မယ့် အချိန်ကျတော့ ရေးမထားဘူး။ သူတို့ UN ကနေ ဘယ်အချိန်ပေးမလဲ မသိဘူး။ မေလ ၁ ရက်နေ့တော့ တွေ့မယ်ထင်တယ်။ တစ်ရက်နေ့မှာတော့ သူတို့ UN အဖွဲ့တွေနဲ့တွေ့ပြီး ဒေါ်စုနဲ့ တွေ့မှာပါ။ ဒီကနေ့ကတော့ မတွေ့ဘူး။"”

မြန်မာ့ဒိမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ကတော့ အင်္ဂါနေ့မှာ တွေ့မယ်လို့ မျှော်လင့်ရပါ တယ်။ လတ်တလောအခြေအနေမှာ ကြားဖြတ်မှာ အနိုင်ရခဲ့တဲ့ အဖွဲ့ချုပ် ကိုယ်စားလှယ်တွေ လွှတ်တော် တက်ရေး အာဏာပိုင်တွေနဲ့ တင်းမာနေတဲ့ကိစ္စရပ်နဲ့ ပတ်သက်လို့တော့ ဒါဟာ မကြာခင် အလျှင်အမြန် ဖြေရှင်းနိုင်မယ်လို့ မျှော်လင့်တဲ့အကြောင်း မစ္စတာဘန်က ပြောပါတယ်။

ကချင်နဲ့ဖြစ်နေတဲ့ကိစ္စကိုလည်း အတွင်းရေးမှူးချုပ်အနေနဲ့ ဝင်ရောက်ဖြေရှင်းဖို့ လူ့အခွင့်အရေးအဖွဲ့အချို့က လိုလားပါတယ်။ ဒေသတွင်းက Altsean-Burma လူ့အခွင့်အရေးအဖွဲ့ရဲ့ ပြောခွင့်ရသူ Debbie Stothard ကတော့ မြန်မာပြည်မှာ ဥပဒေ ပြုရေးပိုင်းရော မူဝါဒဆိုင်ရာကိစ္စတွေမှာပါ ပြုပြင်ပြောင်းလဲစရာတွေ အတော်ကျန်နေတာကို အတွင်းရေးမှူးချုပ် အနေနဲ့ထောက်ပြဖို့လိုမယ်လို့ ပြောပါတယ်။

“မစ္စတာဘန်ကီမွန်းအနေနဲ့ စိတ်ကူးယဉ်စရာကမ္ဘာထဲပဲ နေနေမယ့်အစား၊ တကယ့်လက်တွေ့ အခြေအနေကို ကြည့်ဖို့ အလွန်အရေးကြီးပါတယ်။ မြန်မာနိုင်ငံထဲမှာ ပြုပြင်ပြောင်းလဲမှုတွေ တကယ်ဖြစ်နေပြီလား၊ ဘာတွေ လုပ်ဆောင်ဖို့ လိုအပ်နေသလဲ ဆိုတာတွေကို မှန်မှန်ကန်ကုန်နဲ့ အတော်လေး ချင့်ချိန်သုံးသပ် ရှုမြင်ဖို့ လိုပါ တယ်။ မြန်မာအာဏာပိုင်တွေအနေနဲ့ အစတော့ ကောင်းနေပြီ၊ ဒါပေမယ့် အလျှင်အမြန်လုပ်ဆောင်စရာတွေ အတော်လေး ကျန်နေသေးတယ်လို့ ပြောဖို့ လိုပါတယ်။”

မစ္စတာဘန်ကီမွန်းဟာ မနေ့တုန်းကတော့ ရန်ကုန်မှာရှိတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့် အုတ်ဂူကို သွားရောက်ဂါရဝပြုခဲ့ပါတယ်။ ဦးသန့်ဟာ အာရှကနေ ပထမဆုံးဖြစ်တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ်ဖြစ်ပါတယ်။

“ကျနော်ရှေ့ အတွင်းရေးမှူးချုပ်တာဝန်တွေ ယူခဲ့သူတွေဆီက စိတ်ခွန်အားတွေရဖို့အတွက် အမြဲကြိုးစားနေ ပါတယ်။ ဒီအထဲမှာတော့ အတွင်းရေးမှူးချုပ်ဟောင်းဦးသန့်ဟာ ကျနော့်အတွက် တကယ့် အထူးပုဂ္ဂိုလ်ကြီးပါ။”

အထူးသဖြင့် စစ်အေးကာလက အတွင်းရေးမှုးချုပ် ဦးသန့်ရဲ့ အတွေးအမြင်တွေဟာ အခုအချိန်အထိ ခေတ်မီ နေဆဲလို့ မစ္စတာဘန်က ပြောသွားပါတယ်။

“စစ်အေးကာလ အရှိန်မြင့်နေတုန်းက One World အားလုံးဟာ တကမ္ဘာတည်းပါဆိုတဲ့ သူ့ရဲ့ အယူအဆဟာ အခု ကျနော်တို့ ကြိုးပမ်းနေကြတဲ့ အခြေအနေ အတိအကျပါပဲ။ ကမ္ဘာကြီးဟာ တခုနဲ့တခု အပြန်အလှန် အမှီသဟဲ ပြုနေရပါပြီ။ ”

မစ္စတာဘန် မြန်မာနိုင်ငံကိုရောက်နေတဲ့အချိန်မှာပဲ ဥရောပသမဂ္ဂ နိုင်ငံခြားရေး မူဝါဒဆိုင်ရာ အကြီးအကဲ ကတ်သရင်း အက်ရ်ှသွန်လည်း မြန်မာနိုင်ငံရောက်နေတာမို့ သူတို့နှစ်ဦးလည်း မြန်မာနိုင်ငံမှာ သီးခြား တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။ မစ္စတာဘန်ကီမွန်းဟာ ရှမ်းပြည်နယ်ဘက်ကိုသွားရောက်ဖို့ အစီအစဉ်ရှိပြီး အဲဒီမှာတော့ ကုလသမဂ္ဂရဲ့ ဘိန်းစိုက်ပျိုးမှုပပျောက်ရေးအစီအစဉ်တွေကို လေ့လာဖို့ရှိပါတယ်။

XS
SM
MD
LG