ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း (Mr. Ban Ki-moon) နောက်သီတင်းပတ် အစောပိုင်းမှာ ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နဲ့ တရုတ်နိုင်ငံတွေကို သွားရောက်မှာ ဖြစ်ပါတယ်။ အဲဒီ တနိုင်ငံစီနဲ့ ကုလသမဂ္ဂကြား ဆက်ဆံရေးအပြင် ဒေသတွင်းနိုင်ငံတွေနဲ့ ကမ္ဘာလုံးဆိုင်ရာ ကိစ္စတွေကိုပါ ဆွေးနွေးဖို့ ရှိပါတယ်။ အဲဒီအချိန်ဟာ အများက အာရုံစိုက်နေကြတဲ့ မြန်မာနိုင်ငံက ရွေးကောက်ပွဲ ကျင်းပတော့မယ့် အချိန်နဲ့လည်း အလွန်နီးကပ်နေတာကြောင့် ဒီအကြောင်းကိုလည်း ဒေသတွင်း ခေါင်းဆောင်တွေနဲ့ တွေ့တဲ့အခါ ဆွေးနွေးနိုင်ဖွယ် ရှိပါတယ်။ အတွင်းရေးမှူးချုပ်ရဲ့ လာမယ့် အာရှခရီးစဉ်နဲ့ ပတ်သက်ပြီး နော်ရှိုးက တင်ပြပေးထားပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းဟာ နောက်အပတ် အင်္ဂါ၊ အောက်တိုဘာလ ၂၆ ရက်နေ့ကစပြီး ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နဲ့ တရုတ်နိုင်ငံကို သွားမှာဖြစ်တဲ့အကြောင်း အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရသူ ဖာဟန် ဟပ်က် (Farhan Haq) က ကုလသမဂ္ဂ နေ့စဉ် သတင်းကြေညာချက် အစီအစဉ်မှာ မနေ့က ပြောသွားခဲ့တာပါ။ သူ့ခရီးစဉ်ရဲ့ အဓိက ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီးတော့လည်း မစ္စတာဟပ်က်က အခုလို ပြောသွားပါတယ်။
“အတွင်းရေးမှူးချုပ်ဟာ သူသွားရောက်မယ့် နိုင်ငံတွေနဲ့ ကုလသမဂ္ဂကြား ဆက်ဆံရေးကို ဆွေးနွေးမှာ ဖြစ်ပါတယ်။ ကုလသမဂ္ဂနဲ့ အာဆီယံ အရှေ့တောင်အာရှ နိုင်ငံများအသင်းကြား ဆက်ဆံရေးကိုလည်း ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။”
သူ့ရဲ့ခရီးစဉ်အစ အောက်တိုဘာလ ၂၆ ရက်နေ့မှာ ထိုင်းနိုင်ငံကို သွားရောက်ပြီး ထိုင်းဝန်ကြီးချုပ် အဘီဆစ်နဲ့ တခြား အစိုးရ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။ အဲဒီလို တွေ့ဆုံပြီးလို့ တနေ့တည်းမှာပဲ ကမ္ဘောဒီးယားကို ခရီးဆက်မှာ ဖြစ်ပါတယ်။ အဲဒီမှာ ကမ္ဘောဒီးယားဘုရင် နိုရိုဒွမ် ဆီဟာမိုနီ (Norodom Sihamoni)၊ ၀န်ကြီးချုပ် ဟွန်ဆန် (Hun Sen) တို့နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ခမာနီအစိုးရ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကို ကိုင်တွယ်နေတဲ့ ဖနွမ်းပင်မြို့တော်က ကုလသမဂ္ဂ ကမကထပြုထားတဲ့ အထူးတရားရုံးကိုလည်း သွားရောက်လည်ပတ်မှာ ဖြစ်ပါတယ်။ အဲဒီနောက် အောက်တိုဘာလ ၂၈ ရက်နေ့မှာ ဗီယက်နမ်နိုင်ငံကို ခရီးဆက်မယ်လို့လည်း အတွင်းရေးမှူးချုပ် ပြောခွင့်ရသူ ဖာဟန် ဟပ်က်က ပြောပါတယ်။
“ဗီယက်နမ်မှာ ကျင်းပမယ့် ကုလသမဂ္ဂ၊ အာဆီယံ ထိပ်သီး အစည်းအဝေးကို တက်ရောက်မှာ ဖြစ်တဲ့အပြင် ဗီယက်နမ်သမ္မတ၊ ၀န်ကြီးချုပ်၊ နိုင်ငံခြားရေး ၀န်ကြီးတွေနဲ့လည်း တွေ့ဆုံမှာ ဖြစ်ပါတယ်။”
အတွင်းရေးမှူးချုပ်ရဲ့ အာရှခရီးစဉ်ဟာ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ ကျင်းပမယ့် အချိန်နဲ့လည်း အလွန် နီးကပ်နေတာကြောင့် ဒီအကြောင်းကို ဒေသတွင်း ခေါင်းဆောင်တွေနဲ့ တွေ့ဆုံတဲ့အခါ ထည့်သွင်း ဆွေးနွေးမယ်လို့ မျှော်လင့်ရပါတယ်။ ပြီးခဲ့တဲ့အပတ်ကလည်း ထိုင်းဝန်ကြီးချုပ် အဘီဆစ်က သူ မစ္စတာ ဘန်ကီမွန်းနဲ့ တွေ့တဲ့အခါ မြန်မာ့အရေးကိုပါ ဆွေးနွေးသွားမယ်လို့ ပြောခဲ့ပါတယ်။ အတွင်းရေးမှူးချုပ် ကိုယ်တိုင်ကလည်း မြန်မာနိုင်ငံမှာ ကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်မီ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် အာဆီယံနိုင်ငံတွေ အနေနဲ့ စစ်အစိုးရ အပေါ်မှာ ဖိအားပေးဖို့ တိုက်တွန်းခဲ့ဖူးပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက မြန်မာစစ်အစိုးရက ရွေးကောက်ပွဲမှာ နိုင်ငံခြားက စောင့်ကြည့် အကဲဖြတ်သူတွေကို လာခွင့်ပေးမှာ မဟုတ်ဘူးလို့ ကြေညာခဲ့တဲ့ အပေါ်မှာလည်း အတွင်းရေးမှူးချုပ်ရဲ့ ရုံးက စိုးရိမ်မကင်း ဖြစ်ရတဲ့အကြောင်း ပြောခဲ့ပါတယ်။ ရွေးကောက်ပွဲကို အားလုံး ပါဝင်ခွင့်ရှိပြီး ပွင့်လင်းမြင်သာမှု ရှိရမယ်၊ လွတ်လပ် တရားမျှတရမယ်လို့ အတွင်းရေးမှူးချုပ်က ပြောခဲ့ပြီးသား ဖြစ်ပါတယ်။ ဒါကို ဆန့်ကျင်တဲ့ကိစ္စ မှန်သမျှဟာ စိုးရိမ်စရာ အကြောင်းတွေပဲ ဖြစ်တယ်လို့ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရသူက တုံ့ပြန်ခဲ့ပါတယ်။
မြန်မာနိုင်ငံက ဖြေရှင်းလို့ မရသေးတဲ့ နိုင်ငံရေး ပြဿနာနဲ့ လက်နက်ကိုင် ပဋိပက္ခတွေဟာ အဓိက စိုးရိမ်စရာ ပြဿနာတွေ ဖြစ်တယ်ဆိုပြီး အတွင်းရေးမှူးချုပ်က အရင်တပတ်ထဲ ကုလသမဂ္ဂ အထွေထွေ ညီလာခံကို တင်သွင်းတဲ့ သူ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြခဲ့တာပါ။
အတွင်းရေးမှူးချုပ်ရဲ့ ဗီယက်နမ်ခရီးစဉ် အပြီးမှာတော့ တရုတ်နိုင်ငံကို သွားရောက်မှာ ဖြစ်ပါတယ်။ ပေကျင်းမြို့တော်မှာ တရုတ်သမ္မတ ဟူကျင်တောင်း (Hu Jintao)၊ တရုတ် အမျိုးသား ပြည်သူ့လွှတ်တော်ရဲ့ ဥက္ကဋ္ဌ အပါအ၀င် တခြား ထိပ်တန်း အစိုးရ အကြီးအကဲတွေနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။ အဲဒီနောက် ရှန်ဟိုင်းမြို့မှာ ပြီးခဲ့တဲ့ ၆ လလောက်ကတည်းက ဖွင့်လှစ်ပြသနေတဲ့ ကမ္ဘာ့ကုန်စည်ပြပွဲရဲ့ ပိတ်ပွဲကိုလည်း သွားရောက်မှာ ဖြစ်တဲ့အပြင် နန်ကျင်းမြို့ကိုလည်း သွားရောက်မှာ ဖြစ်ပါတယ်။
တရုတ်အစိုးရကတော့ မြန်မာစစ်အစိုးရ ကျင်းပမယ့် ရွေးကောက်ပွဲကို ထောက်ခံတယ်လို့ မကြာခင်တုန်းက ထုတ်ဖော် ပြောကြားခဲ့ပြီး ဖြစ်ပါတယ်။
သူသွားရောက်မယ့် အာရှ ၄ နိုင်ငံမှာ အတွင်းရေးမှူးချုပ်ဟာ အဲဒီမှာရှိတဲ့ ကုလသမဂ္ဂ ဌာနေတာဝန်ခံတွေ အပြင် ၀န်ထမ်းတွေနဲ့ တွေ့ဆုံပြီး အဲဒီတိုင်းပြည်တွေမှာ ကုလသမဂ္ဂရဲ့ အခန်းကဏ္ဍ အရေးပါပုံတွေကိုလည်း ဆွေးနွေးသွားမှာ ဖြစ်တယ်လို့ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရသူက မနေ့က ပြောသွားခဲ့ပါတယ်။