သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်း ၂၁ ရာစုပင်လုံ ညီလာခံ တက်နိုင်ဖွယ်ရှိ


ကုလ အတွင်းရေးမှူးချုပ် Ban Ki-moon
ကုလ အတွင်းရေးမှူးချုပ် Ban Ki-moon

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံး ပါဝင်နိုင်ဖို့ မျှော်မှန်းထားတဲ့ ၂၁ ရာစု ပင်လုံညီလာခံ ဖွင့်ပွဲမှာ ကုလ အတွင်းရေးမှူးချုပ် တက်ရောက်မယ်လို့ မျှော်လင့်ရပါတယ်။ ၂၁ ရာစု ပင်လုံညီလာခံကို တက်ဖို့အတွက် ကုလ အတွင်းရေးမှူးချုပ်ကို ဖိတ်ကြားထားတယ်လို့ သမ္မတရုံးဝန်ကြီးဌာန ပြောခွင့်ရက ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ကျင်းပမယ့် ဒီ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တချို့ကတော့ တက်ရောက်ခွင့်ရဖို့ မသေချာသေးပါဘူး။ အပြည့်အစုံကိုတော့ မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ - ၂၁ ရာစု ပင်လုံကိုတော့ သြဂုတ်လ ၃၁ ရက်နေ့မှာ စတင်ဖို့ စီစဉ်ထားပါတယ်။ ညီလာခံ အဖွင့်နေ့မှာတော့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း တက်ရောက်မယ်လို့ သမ္မတရုံး ဝန်ကြီးဌာန ပြောခွင့်ရ ဦးဇော်ဌေးက ပြောပါတယ်။

“ဖွင့်ပွဲကို တက်ချင်တယ်လို့ပြောတယ်။ သူ့ကိုကျနော်တို့ကနောက်ရက်ပေါ့နော် ဒါပေမယ့် ဖွင့်ပွဲမှာ တက်ချင်တယ်လို့ပြောတယ်။အဲဒီတော့ ကျနော်တို့ သူ့ကို ဖွင့်ပွဲဖိတ်ထားတယ်ပေါ့နော်။ အသိသက်သေမဟုတ်ဘူး ကျနော်တို့က နိုင်ငံတကာ အသိုင်းအဝိုင်းကို ဖိတ်ကြားတယ်။

ဖိတ်ကြားတဲ့အခါမှာ ကျနော်တို့ မြန်မာနိုင်ငံမှာရှိတဲ့ ကုလသမဂ္ဂဌာနေကိုယ်စားလှယ်အပါအဝင် ၊ ကုလသမဂ္ဂ အေဂျင်စီတွေကိုဖိတ်တယ်။ နောက်မြန်မာနိုင်ငံနဲ့ သံတမန်ဆက်သွယ်ရေးရှိတဲ့ ဒီသံတမန်၊ သံရုံးတွေကိုဖိတ်တယ်။ နောက်မြန်မာနိုင်ငံကို ထဲထဲဝင်ဝင်ကူညီဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်းတွေကိုဖိတ်တယ်။ အဲဒီကနေပြီးတော့ ဘန်ကီမွန်းက သူကိုယ်တိုင် တက်ချင်တယ်ဆိုတော့ ကျနော်တို့က ဖိတ်ပေးတယ်။”

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မယ့် ၂၁ ရာစု ပင်လုံညီလာခံကို တက်ရောက်ဖို့ အတွက် နိုင်ငံတကာ သံတမန်တွေ၊ ကုလသမဂ္ဂ အဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေကိုလည်း ဖိတ်ကြားထားတာပါ။ ညီလာခံမှာတော့ အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေရော၊ အပစ်မရပ်သေးတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေရော အားလုံးပါဝင်နိုင်ရေး ကြိုးစားနေတာပါ။

ဒါပေမယ့် အခုချိန်ထိတော့ တနိုင်ငံလုံး အပစ်ရပ်စာချုပ် NCA မှာ လက်မှတ်မထိုးသေးတဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ် ကောင်စီ UNFC ဘက်က ဘယ်သူတွေ တက်ရောက်မလဲဆိုတာ မသေချာ သေးသလို တက်ရောက်ဖို့ ဖိတ်ကြားမခံရသေးတဲ့ အဖွဲ့တွေလည်း ရှိနေပါတယ်။

လက်နက်စွန့်ဖို့ သဘောတူညီချက် မရ ဖြစ်နေတဲ့ AA ရခိုင်လက်နက်ကိုင်တပ်ဖွဲ့၊ TNLA တအာင်းပလောင်တပ်ဖွဲ့နဲ့ MNDAA ကိုးကန့်လက်နက်ကိုင် တပ်ဖွဲ့တို့ကိုတော့ ညီလာခံ ကျင်းပဖို့ သတင်းတပတ် အလိုအထိ ဖိတ်ကြားမခံရသေးဘူးလို့လည်း TNLA အဖွဲ့ရဲ့ ပြောခွင့်ရ တာအိုက်ကျော် က ပြောပါတယ်။

“အားလုံးပါဝင်သွားလို့ရှိရင်တော့ ဒီ ၂၁ ရာစုညီလာခံမှာကို ဘန်ကီမွန်းလာတက်မယ်။ နောက်ဒီဆွေးနွေးမှုလည်း အားလုံးအဆင်ပြေသွားလို့ရှိရင်တော့ ဒီမြန်မာ့သမိုင်းမှာတော့ တော်တော်လေးကောင်းမွန်တဲ့ သမိုင်းဝင်နိုင်တဲ့ အခမ်းအနားဖြစ်မှာပေါ့ အစည်းအဝေးဖြစ်မှာပေါ့နော်။

ဒီအစည်းအဝေးမှာ တိုင်းရင်းသားတွေအားလုံး စုံစုံညီညီနဲ့ တဦးနဲ့ တဦး၊ တဘက်နဲ့ တဘက် ဆွေးနွေးပြီးမှ ဒီမြန်မာပြည်နိုင်ငံရေးပြေလည်အောင် ၊ ပြည်တွင်းရေး ပြေလည်အောင် ဘယ်လိုဆွေးနွေးကြမလဲ။ ဆွေးနွေးသွားပြီးလို့ရှိရင်တော့ ကုလ အတွင်းရေးမှူးချုပ်ကိုယ်တိုင် တက်မယ်ဆိုရင်တော့ သူ့ဘက်က ဘာအကြံဉာဏ်ကောင်းတွေရနိုင်မလဲ၊ သူဘာတွေဖြေရှင်းပေးနိုင်မလဲဆိုတာ စောင့်ကြည့်ရမယ့်အနေအထားတော့ ရှိသေးတာပေါ့နော်။”

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မယ့် ၂၁ ရာစု ပင်လုံညီလာခံမှာ ပါဝင်ခွင့်ရရေး အတွက်တော့ မျှော်လင့်ထားဆဲ ဖြစ်ပါတယ်လို့လည်း TNLA အဖွဲ့ရဲ့ ပြောခွင့်ရ တာအိုက်ကျော်က ပြောပါတယ်။ တချိန်တည်းမှာဘဲ UNFC ညီညွတ်သောတိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ် ကောင်စီ အဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေဘက်က တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် NCA မှာ ပါဝင် လက်မှတ်ရေးထိုးနိုင်ဖို့ ဘက်အားလုံးတို့ အပစ်အခတ်ရပ်စဲရေး ကြေညာဖို့၊ နောက် NCA ပါ အချက်တချို့ကို ပြင်ဆင်ဖို့ အပါအဝင် အချက် ၈ ချက် အဆိုပြုထားပေမယ့် သဘောတူညီချက် မရသေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG