ဂါဇာကမ်းမြောင်ဒေသဆီ အကူအညီပေးပို့ဖို့ သွားတဲ့ သင်္ဘောတွေကို အစ္စရေးလ်က စီးနင်း တိုက်ခိုက်ခဲ့တဲ့ ကိစ္စကို စုံစမ်းစစ်ဆေးဖို့ နိုင်ငံစုံ ပါဝင်တဲ့ ကော်မရှင်တရပ် ဖွဲ့စည်းရေး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) က အဆိုပြုထားတယ်လို့ အစ္စရေးလ် တာဝန်ရှိသူတွေက ပြောပါတယ်။
နယူးဇီလန် ဝန်ကြီးချုပ်ဟောင်း ဂျော်ဖရီ ပါလ်မာ (Geoffery Palmer) ကို ကော်မရှင်ရဲ့ အကြီးအကဲအဖြစ် ခန့်အပ်ဖို့ အတွင်းရေးမှူးချုပ်က အဆိုပြုထားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ကော်မရှင်ထဲမှာ အစ္စရေးလ်၊ တူရကီနဲ့ အမေရိကန်တို့က ကိုယ်စားလှယ်တွေ ပါဝင်မှာ ဖြစ်ပါတယ်။
စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းဖို့ကိစ္စနဲ့ ပတ်သက်ပြီး မစ္စတာဘန်ဟာ တူရကီနဲ့ရော၊ အစ္စရေးလ်နဲ့ပါ ဆွေးနွေးပြောဆိုခဲ့တယ်လို့ ကုလသမဂ္ဂ ထုတ်ပြန်ချက် တခုမှာ ဖော်ပြထားပါတယ်။
Mavi Marmara သင်္ဘောကို အစ္စရေးလ် ကွန်မန်ဒိုတွေ ပြီးခဲ့တဲ့ တနင်္လာနေ့က ဝင်ရောက် စီးနင်းတိုက်ခိုက်တာမှာ ပါလက်စတိုင်း လိုလားတဲ့ လှုပ်ရှားသူ ၉ ယောက် သေဆုံးခဲ့ပါတယ်။
အဲဒီသင်္ဘောဟာ ဟားမတ်စ်တွေ အုပ်ချုပ်နေတဲ့ ဂါဇာကမ်းမြောင် ဒေသဆီကို အစ္စရေးလ်က ပိတ်ဆို့ထားတာတွေ ချိုးဖောက်ပြီး အကူအညီတွေ တိုက်ရိုက်ပေးပို့ဖို့ သွားခဲ့တဲ့ သင်္ဘောတွေထဲက တစီးဖြစ်ပါတယ်။