သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြုပြင်ပြောင်းလဲရေး အရှိန်မြှင့်ဖို့ မြန်မာအစိုးရကို ဘန်ကီမွန်း တိုက်တွန်း


ပြုပြင်ပြောင်းလဲရေး အရှိန်မြှင့်ဖို့ မြန်မာအစိုးရကို ဘန်ကီမွန်း တိုက်တွန်း
ပြုပြင်ပြောင်းလဲရေး အရှိန်မြှင့်ဖို့ မြန်မာအစိုးရကို ဘန်ကီမွန်း တိုက်တွန်း

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) ဟာ မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ နယူးယောက်မြို့က ကုလသမဂ္ဂ အထွေထွေ ညီလာခံရဲ့ ဘေးထွက် ဆွေးနွေးပွဲမှာ တွေ့ဆုံခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ လတ်တလော ဖြစ်ပေါ်နေတဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေရဲ့ အရေးပါမှုကို သူ အသိအမှတ် ပြုပါတယ်။ ဒါပေမဲ့ နိုင်ငံ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ချက်တွေကို မြန်မာအစိုးရက အရှိန်မြှင့် လုပ်ဆောင်သင့်ပါတယ်လို့ မစ္စတာ ဘန်ကီမွန်းက ဦးဝဏ္ဏမောင်လွင်ကို တနင်္ဂနွေနေ့ကပဲ ပြောသွားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေးနဲ့ ဖွံ့ဖြိုးမှုဆိုင်ရာ ကိစ္စရပ်တွေအတွက် အခက်အခဲတွေနဲ့ ဖြေရှင်းတဲ့ နေရာမှာ ကုလသမဂ္ဂက သေချာ ကူညီပါမယ် ဆိုပြီးတော့လည်း မစ္စတာဘန်က ထပ်လောင်း ပြောကြားသွားပါတယ်။

မြန်မာနိုင်ငံက စစ်တပ်ဘက်ယိမ်းတဲ့ အစိုးရဟာ ဟိုးအရင်ကတည်းက ပိတ်ထားတဲ့ အင်တာနက် ဝက်ဘ်ဆိုဒ် အများအပြားကိုလည်း ကြာသပတေးနေ့ကပဲ ဖွင့်ပေးလိုက်ပါတယ်။ အဲဒီအထဲမှာ ဗွီအိုအေ၊ ရိုက်တာနဲ့ ဘီဘီစီ ဝက်ဘ်ဆိုဒ်တွေလည်း ပါဝင်ပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂက သတ်မှတ်ထားတဲ့ နိုင်ငံတကာ ဒီမိုကရေစီနေ့ကို ပြည်သူတွေ ဆင်နွှဲဖို့လည်း ပထမဦးဆုံးအကြိမ် ခွင့်ပြုလိုက်ပါတယ်။

မစ္စတာဘန်က မြန်မာနိုင်ငံမှာ အကျဉ်းကျခံနေရဆဲဖြစ်တဲ့ နိုင်ငံရေး အကျဉ်းသားတွေကို အမြန် ပြန်လွှတ်ပေးဖို့လည်း ထပ်ပြီး တောင်းဆိုသွားခဲ့ပါတယ်။

မြန်မာနိုင်ငံ တလွှားက အကျဉ်းထောင်တွေမှာ သံဃာတော်၊ ကျောင်းသား၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ရှေ့နေတွေ အပါအဝင် အဖမ်းခံနေရတဲ့ နိုင်ငံရေး အကျဉ်းသား စုစုပေါင်း ၂,၁၀၀ ကျော် ရှိနေတာပါ။

အခုတလောမှာ မြန်မာအစိုးရသစ်က ဒီမိုကရေစီ လိုလားတဲ့ အတိုက်အခံတွေနဲ့ အနောက်တိုင်း အစိုးရတွေ အပေါ်မှာ ဆက်ဆံရေး ပြောင်းလဲလာမှုတွေကြောင့် ၁၉၆၀ ပြည့်လွန်နှစ်တွေက စစ်ဗိုလ်ချုပ်တွေရဲ့ အုပ်ချုပ်မှုအောက်က မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး ပြုပြင် ပြောင်းလဲမှုတွေနဲ့ ပတ်သက်ပြီး ထင်မြင်ယူဆချက်တွေ အများကြီး ထွက်ပေါ်နေပါတယ်။

XS
SM
MD
LG