သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခိုင်မာတဲ့ ပြောင်းလဲမှုတွေ ပြုလုပ်ဖို့ ဘန်ကီမွန်း တိုက်တွန်း


ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာ့မိတ်ဆွေ နိုင်ငံများအဖွဲ့ အစည်းအဝေး ကျင်းပနေစဉ်။
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာ့မိတ်ဆွေ နိုင်ငံများအဖွဲ့ အစည်းအဝေး ကျင်းပနေစဉ်။

မြန်မာနိုင်ငံမှာ တိုးတက် ပြောင်းလဲမှုတွေအတွက် အခွင့်အလမ်းတွေ ရှိနေပေမဲ့လို့ မြန်မာအစိုးရ အနေနဲ့ ပြုပြင်ပြောင်းလဲမှုအတွက် လက်တွေ့ခြေလှမ်း လှမ်းသွားဖို့ လိုအပ်မယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) က တိုက်တွန်းလိုက်ပါတယ်။ အခု စက်တင်ဘာ ၂၇ ရက်နေ့ အမေရိကန် စံတော်ချိန် ညနေပိုင်း အတွင်းရေးမှူးချုပ်ရဲ့ မြန်မာ့မိတ်ဆွေ နိုင်ငံတွေနဲ့ အစည်းအဝေး အပြီးမှာ အတွင်းရေးမှူးချုပ်က အခုလို ထုတ်ပြန် ပြောဆိုလိုက်တာပါ။

အပြောင်းအလဲတွေ ဖြစ်လာနိုင်ချေ ရှိတယ်ဆိုတဲ့ ဒေါ်အာင်ဆန်းစုကြည် အပါအဝင် နိုင်ငံတကာရဲ့ ရှုမြင်ချက်အတိုင်း သူ့အနေနဲ့လည်း တထပ်တည်း ဖြစ်သလို ဒီအပြောင်းအလဲဟာ လိုအပ်ချက် ဖြစ်တယ်လို့လည်း ပြောသွားပါတယ်။ အသွင်ကူးပြောင်းရေး လုပ်တဲ့အခါမှာ အားလုံးပါဝင်ဖို့နဲ့ နောက်ကြောင်း ပြန်မလှည့်သွားဖို့ကိုလည်း သတိပေးခဲ့ပါတယ်။

မကြာခင်သေးခင်က မြန်မာနိုင်ငံတွင်းက ထူးခြားတဲ့ ဖြစ်ထွန်း တိုးတက်မှုတွေကို အသိအမှတ် ပြုသလို သမ္မတ ဦးသိန်းစိန်ရဲ့ မြန်မာနိုင်ငံ အနေနဲ့ ကမ္ဘာနဲ့ လိုက်မီဖို့ ကြိုးစားသွားမယ့် ကတိပေးချက်ကို အတွင်းရေးမှူးချုပ်က ကြိုဆိုပါတယ်။ ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်တဲ့ နေရာမှာ အာဏာပိုင်တွေ အနေနဲ့ နိုင်ငံရေး အင်အားစု အားလုံးတို့နဲ့ အချေအတင် ဆွေးနွေးမှု တိုးတက်ဖော်ဆောင်ဖို့ လိုအပ်သလို ကျန်ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသား အားလုံးကိုလည်း ပြန်လွှတ်ပေးဖို့ အတွင်းရေးမှူးချုပ်က ပြောပါတယ်။

မြန်မာ နိုင်ငံခြားရေးဝန်ကြီးက အထွေထွေညီလာခံအတွင်း မကြာခင်မှာ လွတ်ငြိမ်းချမ်းသာခွင့် ပေးမယ်ဆိုတဲ့ အချက်ကိုလည်း အတွင်းရေးမှူးချုပ်က သူ့ကြေညာချက်မှာ ထောက်ပြထားပါတယ်။ မြန်မာအစိုးရ အနေနဲ့ ပေးထားတဲ့ ကတိတွေအတိုင်း အနှစ်သာရရှိရှိ လက်တွေ့ ဖော်ဆောင်ဖို့ကိုလည်း အတွင်းရေးမှူးချုပ်က တိုက်တွန်းသွားပါတယ်။

မြန်မာနိုင်ငံ အပြောင်းအလဲအတွက် နိုင်ငံတကာ အနေနဲ့ ထောက်ခံမှု ပေးသွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။ ကုလသမဂ္ဂ အနေနဲ့လည်း မြန်မာလူထု ရင်ဆိုင်နေရတဲ့ နိုင်ငံရေးနဲ့ ဖွံ့ဖြိုးရေး စိန်ခေါ်ချက်တွေကို ရင်ဆိုင်ရာမှာ ဆက်ပြီး အကူအညီ ပေးသွားမယ်လို့လည်း အတွင်းရေးမှူးချုပ်က သူ့ရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG