သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပဋိပက္ခ ဘန်ကီမွန်းနဲ့ သမ္မတဦးသိန်းစိန် တယ်လီဖုန်းနဲ့ ဆွေးနွေး


ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ NGO အဖွဲ့အစည်းတွေက ဝန်ထမ်းတွေ တိုက်ခိုက်ခံနေရမှုနဲ့ ပတ်သက်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မတ်လ ၃၀ ရက်နေ့မှာ သမ္မတဦးသိန်းစိန်ထံ တယ်လီဖုန်းနဲ့ ဆက်သွယ်စကားပြောကြားခဲ့တဲ့အကြောင်း အတွင်းရေးမှူးချုပ်ရဲ့ရုံးက ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

မြန်မာအစိုးရအနေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက ဝန်ထမ်းတွေရဲ့ လုံခြုံရေးကို တာဝန်နဲ့အညီ လိုက်နာဆောင်ရွက်ပေးဖို့နဲ့ အဲဒီဝန်ထမ်းတွေရဲ့ ပိုင်ဆိုင်မှုတွေကိုလည်း တည်ဆဲ သဘောတူညီချက်တွေနဲ့အညီ ကာကွယ်စောင့်ရှောက်ပေးဖို့ အတွင်းရေးမှူးချုပ်က တောင်းဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိဆောင်ရွက်နေတဲ့ ပြုပြင်ပြောင်းလဲရေးတွေကို ထိခိုက်စေမယ့်လုပ်ရပ်ကို လုပ်ဆောင်သူတွေအပေါ် အပြစ်ပေး အရေးယူခြင်း မရှိတာမျိုး မဖြစ်စေသင့်တဲ့အကြောင်းနဲ့ အရပ်သားအားလုံးကို အကာအကွယ်ပေးပြီးတော့ တရားဥပဒေကို လေးစားလိုက်နာဖို့အတွက်လည်း အဲဒီ တယ်လီဖုန်းနဲ့ ပြောဆိုမှုအတွင်းမှာ တောင်းဆိုခဲ့ပါတယ်။

စစ်တွေ ပဋိပက္ခအတွက် အာဏာပိုင်တွေဘက်က လက်ရှိအခြေအနေအထိ ဆောင်ရွက်ချက်တွေအပေါ်မှာ ကြိုဆိုကြောင်းလည်း အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ထည့်သွင်းပြောဆိုသွားကြောင်း ကြေညာချက်မှာ ဖော်ပြထားတာပါ။

ရခိုင်ပြည်နယ်အတွင်းမှာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေမှုနဲ့ လူ့အခွင့်အရေး အခြေအနေအပေါ် စိုးရိမ်မှုတွေ ဖြစ်ပေါ်နေတဲ့အတွက် ကုလသမဂ္ဂနဲ့ တခြား အစိုးရမဟုတ်တဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ အဲဒီဒေသမှာ အင်အားကောင်းစွာ တည်ရှိနေရေးအတွက် အစိုးရအနေနဲ့ ဆောင်ရွက်သင့်ကြောင်း တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိဆောင်ရွက်နေတဲ့ သန်းခေါင်စာရင်းကောက်ယူမှုအပေါ်မှာ မတူညီတဲ့လူမျိုးစုတွေကြား စိုးရိမ်မှုတွေ ရှိနေတာကြောင့် အခုလိုမျိုး အရေးကြီးတဲ့ကိစ္စမျိုးကို ငြိမ်းချမ်းစွာနဲ့ ယုံကြည်တဲ့ကိုင်တွယ်မှုမျိုးဖြစ်အောင် သတိထားဆောင်ရွက်ဖို့ အတွင်းရေးမှူးချုပ်က ထည့်သွင်းပြောသွားခဲ့ပါတယ်။

ရခိုင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံတဝှန်းမှာ ကောက်ယူနေတဲ့ သန်းခေါင်စာရင်းဟာ နိုင်ငံတကာက သတ်မှတ်ထားတဲ့ နည်းပညာပိုင်းနဲ့ လူ့အခွင့်အရေးဆိုင်ရာ စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီမှုရှိအောင် ဆောင်ရွက်မယ်လို့ မျှော်လင့်ကြောင်းလည်း ပြောပါတယ်။

နိဂုံးချုပ်အနေနဲ့တော့ မြန်မာနိုင်ငံမှာ လက်ရှိဆောင်ရွက်နေတဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေကို အပြုသဘောဆောင်တဲ့ဘက်က ကုလသမဂ္ဂအနေနဲ့ ဆက်လက်ပြီးတော့ ပံ့ပိုးပေးသွားမှာဖြစ်တဲ့အကြောင်း အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ထည့်သွင်းပြောဆိုသွားခဲ့တယ်လို့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
XS
SM
MD
LG