မြန်မာအစိုးရကနေ ဧပြီလ (၁) ရက်နေ့ ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲ မှာ လေ့လာ စောင့်ကြည့်ရေး အဖွဲ့တွေ လာရောက်ဖို့ ဖိတ်ကြားခဲ့တဲ့ အပေါ် ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ် ဘန်ကီမွန်း က ကြိုဆိုလိုက်ပြီး သူ့အနေနဲ့လည်း ရွေးကောက်ပွဲ ကျင်းပပြီး နောက်ပိုင်း မြန်မာနိုင်ငံကို သွားရောက် နိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ဒီကနေ့ ပြောဆိုလိုက်ပါတယ်။ အာရှခရီးစဉ် သွားရောက်နေတဲ့ မစ္စတာ ဘန်ကီးမွန်းက မလေးရှား နိုင်ငံ ကွာလာလမ်ပူမှာ မလေးရှား ဝန်ကြီးချုပ်နဲ့ ပူးတွဲပြုလုပ်တဲ့ သတင်းစာ ရှင်းလင်း ပွဲအတွင်း သတင်းထောက် တွေကို အဲဒီလို ပြောကြားလိုက်တာပါ။
မြန်မာနိုင်ငံမှာ ကျင်းပဖို့ရာ ရက်ပိုင်းသာလိုတော့ ကြားဖြတ် ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်ဖို့အတွက် ကုလသမဂ္ဂ အပါအဝင် အရှေ့တောင် အာရှ နိုင်ငံများ အသင်း (အာဆီယံ)၊ အမေရိကန်ပြည်ထောင်စု နဲ့ EU ဥရောပသမဂ္ဂ က နိုင်ငံတကာ အကဲခတ်တွေ လာရောက်ဖို့ကို မြန်မာအစိုးရက ဖိတ်ခေါ်ခဲ့ တဲ့အပေါ် နိုင်ငံတကာ က ကြိုဆိုခဲ့ ကြသလို အခုနောက်ဆုံး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ကိုယ်တိုင် ကလည်း ကြိုဆိုလိုက်တာဖြစ်ပါတယ်။ အာရှ ၄ နိုင်ငံခရီး လှည့်လည်နေတဲ့ မစ္စတာ ဘန်ကီမွန်း က မလေးရှား နိုင်ငံ ကွာလာလမ်ပူ မြို့မှာ မလေးရှား ဝန်ကြီးချုပ် နာဂျစ် ရာဇတ်နဲ့ ပူးတွဲပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း သတင်းထောက် တွေကို အခုလို ပြောဆိုခဲ့တာဖြစ်ပါတယ်။
"ဒါဟာ ကြိုဆိုရမယ့် သတင်းကောင်းပါ။ ရွေးကောက်ပွဲဟာ အများယုံကြည် လက်ခံ နိုင်ဖို့နဲ့ ပွင်းလင်းမြင် သာမှု ရှိစေဖို့ ကုလသမဂ္ဂအနေနဲ့ သက်ဆိုင်ရာ နိုင်ငံတွေ၊ အဖွဲ့အစည်းတွေ နဲ့ ဆွေးနွေးသွားမှာပါ။ အခု အခြေ အနေ ဟာ မှန်ကန်တဲ့ လမ်းကြောင်း အပေါ် ရောက်နေ ပါတယ်။"
ဒါ့အပြင် ဧပြီလ (၁) ရက်နေ့ ကျင်းပမယ့် ရွေးကောက်ပွဲအပြီး သိပ်မကြာခင်မှာပဲ သူ့အနေနဲ့ မြန်မာနိုင်ငံကို သွားရောက်မှာ ဖြစ်တဲ့အကြောင်း ကိုလည်း မစ္စတာ ဘန်ကီမွန်း က သတင်းထောက်တွေကို ပြောကြား သွားခဲ့ပါတယ်။ မစ္စတာ ဘန်ကီမွန်းဟာ မြန်မာနိုင်ငံမှာ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းဖြစ်ပြီးချိန်က တကြိမ်၊ ၂၀၀၉ ခုနှစ်ကတကြိမ်၊ နှစ် ကြိမ်သွားရောက်ခဲ့ပြီးတော့ တကယ်လို့သာ ကြားဖြတ် ရွေးကောက်ပွဲအပြီး မြန်မာနိုင်ငံကို သွားဖြစ်ရောက် ဖြစ်ခဲ့မယ် ဆိုရင်တော့ ဒါဟာ သူ့ရဲ့ တတိယမြောက် မြန်မာနိုင်ငံကို သွားရောက်တဲ့ ခရီးစဉ် ဖြစ်လာမှာပါ။
တခါ ရှေ့တပတ်ထဲ မြန်မာနိုင်ငံ ကို သွားရောက်ဖို့ စီစဉ်ထားတဲ့ မလေးရှား ဝန်ကြီးချုပ် နာဂျစ် ကလည်း မြန်မာနိုင်ငံက အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေး လုပ်ငန်းစဉ် တွေအတွက် သူ့အစိုးရ အနေနဲ့ မြန်မာအစိုးရ ကို အတတ်နိုင်ဆုံး အားပေး တိုက်တွန်းသွားမှာ ဖြစ်တဲ့အကြောင်း ဒီပူးတွဲ သတင်းစာ ရှင်းလင်းပွဲမှာပဲ သတင်းထောက် တွေကို ပြောဆိုသွားခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပဖို့ရာ အခုဆိုရင် ကိုးရက်သာ လိုတော့ တာပါ။ ဒီ ကြားဖြတ် ရွေးကောက်ပွဲ ဟာ ဒါ့အပြင် မြန်မာအစိုးရရဲ့ ရွေးကောက်ပွဲ လေ့လာအကဲခတ် ရေးအဖွဲ့တွေ လာရောက်ရေး ဖိတ်ကြားချက် အပေါ် အမေရိကန် ပြည်ထောင်စု ကလည်း ကြိုဆို ခဲ့ပြီးတော့ ဒီကြားဖြတ် ရွေးကောက်ပွဲ ဟာ မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲ မှုလုပ်ငန်းတွေအတွက် အရေးကြီးတဲ့ မှတ်တိုင် တခုဖြစ်တယ်ဆိုတာကို မနေ့တုန်းကပဲ ပြောဆိုသွားခဲ့တာပါ။ အလားတူ EU ဥရောပသမဂ္ဂရော၊ အာဆီယံ ကပါ အားလုံးက ကြိုဆို နေကြ တာဖြစ်ပါတယ်။
မြန်မာ့ဒီမို ကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် ဦးဆောင်တဲ့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကတော့ ဒီကြားဖြတ် ရွေးကောက်ပွဲမှာ လစ်လပ်နေရာ (၄၈) နေရာထဲက (၄၇) နေရာကို ဝင်ရောက် ယှဉ်ပြိုင်ဖို့ ဆုံးဖြတ် ထားပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲတုန်းက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းမရှိတဲ့ NLD နဲ့ အာဏာရ ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီကြား အဓိကပြိုင်ဘက်တွေ ဖြစ်လာကြတော့မှာ ဖြစ်ပါတယ်။
အခု ဧပြီရွေးကောက်ပွဲ တရားမျှတမှု၊ လွတ်လပ်မှု ရှိမရှိ အခြေအနေ အပေါ်မူတည်ပြီးတော့ နိုင်ငံတကာ အနေနဲ့ကလည်း မြန်မာနိုင်ငံအပေါ် ထားတဲ့ သဘောထား ပြောင်းလဲ ဖွယ်ရှိပါတယ်။
ဒီ အခြေအနေပေါ်မှာ မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုတွေကို ပြန်ရုပ်သိမ်း မသိမ်း ဆိုတာကိုလည်း ထည့်တွက် စဉ်းစားမှာဖြစ်တယ်လို့ အမေရိကန် ပြည်ထောင်စုရော EU ဥရောပသမဂ္ဂ ဘက်ကပါ ပြောထား ပါတယ်။ မြန်မာ အာဏာပိုင်တွေအနေနဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ ဘယ်လောက် ဆန္ဒရှိမရှိ၊ လက်တွေ့ ကျမကျဆိုတာဟာ ဒီရွေးကောက်ပွဲဟာ စမ်းသပ်မှုတရပ် ဖြစ်မယ်လို့လည်း နိုင်ငံတကာက ပြောထားပါတယ်။