သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘန်ကီမွန်း ဒီသီတင်းပတ် မြန်မာနိုင်ငံသွားမည်


ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း

မြန်မာ သမ္မတ ဦးသိန်းစိန်ရဲ့ ဖိတ်ကြားချက် အရ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ဒီသတင်းပတ်ထဲ မြန်မာနိုင်ငံကို သွားမယ်လို့ ကုလသမဂ္ဂ ဌာနချုပ်မှာ သတင်းထောက်တွေကို ပြောဆို လိုက်ပါတယ်။ မြန်မာနိုင်ငံက ပြုပြင် ပြောင်းလဲမှုတွေကြောင့် ဒီအနောက်နိုင်ငံ တွေရဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေ ကို တနှစ်တာ ယာယီ ဆိုင်းငံ့ ပေးခဲ့တာကိုလည်းဘဲ မစ္စတာ ဘန်ကီမွန်းက ကြိုဆိုလိုက်ပြီးတော့ လက်ရှိ လွှတ်တော်မှာ ကျမ်းသစ္စာ ဆိုမှု ပြသနာနဲ့ ပတ်သက်ပြီးတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD နဲ့ မြန်မာအစိုးရ ကြားမှာ ညှိယူ ဖြေရှင်းနိုင်ကြလိမ့်မယ်လို့ မျှော်လင့်တဲ့ အကြောင်းလည်း ပြောပါတယ်။

အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက သူ့ရဲ့ မြန်မာ့ မိတ်ဆွေများ အဖွဲ့ဝင် နိုင်ငံတွေနဲ့ တနလာၤနေ့ ညနေက တွေ့ဆုံအပြီး သတင်းထောက်တွေကို သူ့ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်နဲ့ ပတ်သက်လို့ အခုလို ကြေညာသွားတာ ဖြစ်ပါတယ်။

“ကျနော် ဒီနေ့ သမ္မတ ဦးသိန်းစိန် ဆီကနေ ဖိတ်ခေါ်တာ ကို လက်ခံ လိုက်ပါတယ်။ ဒီ အပတ်ကုန်မှာ သွားပါမယ်။ ကျနော် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး အဖြစ် ဒုတိယ အကြိမ် တာဝန် ထမ်းဆောင်ရတော့ ကျနော် တို့ မျိုးဆက် အတွက် ဘာတွေ ပြင်ဆင်သင့် လဲ ဆိုတာ သတ်မှတ်ခဲ့ပါတယ်။ အဲဒီ ထဲက တစ်ခုက တော့ အကူးအပြောင်းကာလရောက် နေတဲ့ နိုင်ငံတွေကို အကူအညီ ပေးရေးပါဘဲ။ အခု မြန်မာပြည်အတွက် လုပ်ပေးဖို့ ကျနော် တို့မှာ အခွင့်အရေး ရှိပါတယ်။ တာဝန်ရှိပါတယ်။ အဲဒါကြောင့် ဒီ အချိန် အခါ ကို အကောင်းဆုံး ဖြစ်အောင် လုပ်ကြရပါမယ်။”

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အန်အယ်လ်ဒီက လွှတ်တော် ကိုယ်စားလှယ်တွေ ၄၃ နေရာ အနိုင်ရရှိခဲ့တဲ့ ဧပြီလ ၁ ရက်နေ့ ကြားဖြတ် ရွေးကောက်ပွဲ အပြီး မြန်မာနိုင်ငံကို သွားရောက်ဖို့ ရှိတယ်လို့ ကြေညာခဲ့တဲ့ မစ္စတာ ဘန်ကီမွန်းက မြန်မာနိုင်ငံမှာ သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာပြီးတဲ့နောက်ပိုင်း နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင် ပြောင်းလဲမှုတွေ တွေ့လာရတဲ့ အတွက်လည်း ချီးကျူးသွားပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေး ကာလဟာ ရှေ့ဆက်ရမယ့် ခရီးရှည်ကြီးရှိတဲ့ အတွက်ကြောင့်လည်း မြန်မာနိုင်ငံရဲ့ အနာဂတ်ရေး အတွက် အကူအညီပေးနိုင်ဖို့ မြန်မာနိုင်ငံကို ကမ္ဘာက အကူအညီပေးသင့်တယ်လို့လည်း သူက ပြောကြားသွားပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်ပေးတာ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးတာ နိုင်ငံရေးမှာ အန်အယ်လ်ဒီ ပါဝင်ခွင့် ရရှိလာတာ အစရှိတဲ့ တိုးတက်တဲ့ ခြေလှမ်းတွေ ကြောင့်လည်း အနောက်အုပ်စုတွေက ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ဆိုင်းငံ့ပေးခဲ့တာကိုလည်း မစ္စတာ ဘန်က ကြိုဆိုလိုက်ပါတယ်။

“ကျနော် နိုင်ငံတကာ က အပေါင်း လက္ခဏာ ဆောင်တဲ့ တုံ့ပြန်မှု ကို ကြိုဆိုပါတယ်။ ဒီကနေ့ ဥရောပသမဂ္ဂ ရဲ့ အရေးယူ ဒဏ်ခတ် ပိတ်ဆို့မှု ဆိုင်းငံ့ လိုက်တာ အပါအဝင် အမေရိကန် ပြည်ထောင်စု နဲ့ အခြား တိုင်းပြည် များရဲ့ လုပ်ဆောင် ချက်တွေ ပါဝင်ပါတယ်။ ကျနော်တို့ အနေနဲ့ မြန်မာ နိုင်ငံရဲ့ အပြောင်းအလဲ ကို ဖော်ဆောင်ဖို့၊ ဒီမိုကရေစီ ရရှိစေဖို့ အတွက် အဲဒီ လို နိုင်ငံတကာ က ထောက်ခံ အားပေးမှု တွေ မြင်လိုပါတယ်။”

မစ္စတာ ဘန်ကီမွန်းဟာ မြန်မာနိုင်ငံမှာ ပျက်ဆီးဆုံးရှုံးမှု ကြီးမားလှတဲ့ နာဂစ် ဆိုင်ကလုန်းကြီး တိုက်ခတ် အပြီး ၂၀၀၈ ခုနှစ်မှာ တကြိမ် ၂၀၀၉ ခုနှစ်မှာ တကြိမ် မြန်မာနိုင်ငံကို သွားရောက်ခဲ့တာ ဖြစ်ပါတယ်။ အခု တတိယ အကြိမ် သွားရောက်တာ မှာလည်း အပြောင်းအလဲ ဖော်ဆောင်ရာ မှာ အရေးကြီးတဲ့ အခန်းကဏ္ဍ က ပါဝင်ခဲ့တဲ့ သမ္မတ ဦးသိန်းစိန် အပြင် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကိုလည်း အထူး ကျေးဇူးတင် စကား ပြောကြားဖို့ ရှိတယ်လို့လည်း သူက ပြောပါတယ်။

“ဒီအကြိမ်မှာတော့ သမ္မတ ဦးသိန်းစိန် နဲ့ ဒေါ်အောင်ဆန်း စုကြည် တို့ကို ကိုယ်တိုင် ဂုဏ်ပြု ချီးကျုး စကားပြော နိုင်ဖို့ မျှော်လင့်ပါတယ်။ သူတို့ အလုပ်တူတူ လုပ်ပြီး ပေါင်းစည်းနိုင်ခဲ့ကြတယ်။ အခုလိုမျိုး အတူတူ လက်တွဲ ဆက်လက် လုပ်ကိုင် သွားနိုင်မယ် လို့ မျှော်လင့်ပါတယ်။ နောက်ပြီး ကျနော် တို့ အတူ ကုလသမဂ္ဂ အနေနဲ့ ကူညီ နိုင်မယ့် လက်တွေ့ အကောင်အထည် ပြနိုင်မယ့် အကူအညီ နည်းလမ်းတွေ ပေးသွားဖို့ ရှာဖွေသွားမှာပါ။ မြန်မာ အစိုးရ နဲ့ လူထု အနေနဲ့ ပြန်လည် ရင်ကြားစေ့ရေး၊ ဒီမိုကရေစီ ရရှိရေး၊ ဖွံ့ဖြိုး တိုးတက်ရေးတွေ စလုပ်ခဲ့ပြီး ပိုကောင်းတဲ့ မနက်ဖြန် ကို တည်ဆောက် နေကြပါပြီ။ အဲဒါကြောင့် သူတို့ကို ကျနော်တို့ ရဲ့ ထောက်ခံမှု အပြည့်အဝ ပေးသင့်ပါတယ်။”

ဒါ့အပြင် ကြားဖြတ် ရွေးကောက်ပွဲမှာ အနိုင်ရ အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်တွေ ဧပြီလ ၂၃ ရက် ကျမ်းသစ္စာ ကျိန်ဆိုပွဲ မတက်ရောက်ဖို့ ဆုံးဖြတ်ခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ ပတ်သက်ပြီးတော့လည်းဘဲ နှစ်ဘက်တို့ ပြေလည်အောင် ဆွေးနွေးနိုင်လိမ့်မယ်လို့လည်း သူ့အနေနဲ့ မျှော်လင့်တဲ့ အကြောင်းလည်း မစ္စတာ ဘန်က အခုလို ပြောခဲ့ပါတယ်။

“သူတို့ နှစ်ယောက် အေးအေး ချမ်းချမ်း ဘဲ ပါလီမန် ကိစ္စ နဲ့ ပတ်သက် ပြီး သဘော တူညီမှု ရသွားမယ် လို့ ကျနော် အရိုးသားဆုံး မျှော်လင့်ပါတယ်။ သူတို့ ဟာ သမိုင်းဝင် သွားတဲ့၊ မြန်မာ လူထုရဲ့ သဘောထားကို ထင်ဟပ်တဲ့ ကြားဖြတ် ရွေးကောက်ပွဲကိုလည်း ဖြတ်သန်း ခဲ့ပြီးပါပြီ။ ကျနော် သမ္မတ ဦးသိန်းစိန် ဘာပြောထားသလဲ ဆိုတာ ကို အလေးထားပါတယ်။ ကျနော် ဒီကိစ္စမှာလည်း သူတို့ တိုင်းပြည်အတွက်၊ ဒီမိုကရေစီ ရရှိရေး အတွက် အေးအေးချမ်းချမ်း အဖြေကို တစ်နည်းနည်း ရှာတွေ့မယ် လို့ မျှော်လင့်ပါတယ်။”

ကချင်ပြည်နယ်မှာ ပဋိပက္ခတွေ ဖြစ်ပွားနေမှုနဲ့ ပတ်သက်ပြီးလည်း အတွင်းရေးမှူးချုပ်က မြန်မာအစိုးရ အနေနဲ့ အထူးသဖြင့် ကေအန်ယူ ကရင့် အမျိုးသား အစည်းအရုံး အပါအဝင် တခြား တိုင်းရင်းသား အုပ်စုတွေနဲ့ ပြန်လည် ရင်ကြားစေ့ဖို့ ကြိုးပမ်းနေသလို ကချင်အုပ်စု ကိုလည်း အလားတူ ကမ်းလှမ်း လိမ့်မယ်လို့ မျှော်လင့်တဲ့ အကြောင်း ပြောကြားသွားပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အပြည့်အ၀ တည်ဆောက်နိုင်ဖို့ အတွက် အုပ်စုအားလုံးတို့ကိုလည်း အစိုးရ အနေနဲ့ လက်ကမ်းကြိုဆိုဖို့ အရေးကြီးတဲ့ အကြောင်းလည်း သူက ပြောကြားသွားပါတယ်။ မစ္စတာ ဘန်ဟာ ဒီသတင်းပတ်ကုန်မှာ အိန္ဒိယကို သွားရောက်ဖို့ ရှိပြီး မြန်မာနိုင်ငံကို သွားရောက်မယ့် ဒီသတင်းပတ် သူ့ရဲ့ ခရီးစဉ်မှာတော့ တိုင်းရင်းသား အရေးကိစ္စကို သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် လွှတ်တော် ဥက္ကဌတွေ ဝန်ကြီးတွေနဲ့ ဆွေးနွေးနိုင်လိမ့်မယ်လို့ မျှော်လင့်တဲ့ အကြောင်းလည်း ပြောကြားသွားပါတယ်။ ဒါ့အပြင် မစ္စတာ ဘန်ဟာ သူ့ရဲ့ ခရီးစဉ် အတွင်းမှာ စီးပွားရေးနဲ့ လူမှုရေး ကဏ္ဍက ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံဖို့ မျှော်လင့်တဲ့ အကြောင်းလည်း ပြောကြားသွားပါတယ်။

XS
SM
MD
LG