သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မတူကွဲပြားမှုကိုလက်ခံဖို့ Ban Ki Moon တိုက်တွန်း


ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်း
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်း

ပဋိပက္ခနဲ့ နှိပ်စက်ညှဉ်းပန်း သတ်ဖြတ်ခံရမယ့်အရေးတွေကနေ ပြီးခဲ့တဲ့နှစ်က အိုးအိမ်စွန့်ပြီး ထွက်ပြေးကြရသူပေါင်း သန်း ၆၀ နီးပါးရဲ့ဘေးဒုက္ခတွေကို အမှတ်ရကြဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က နှိုးဆော်လိုက်ပါတယ်။ စနေနေ့ကကျရောက်တဲ့ ကမ္ဘာ့ ဒုက္ခသည်များနေ့အထိမ်းအမှတ် ထုတ်ပြန်ချက် ထဲမှာ မစ္စတာ ဘန်ကီမွန်းက အဲဒီလိုနှိုးဆော်ထားတာပါ။

ကမ္ဘာ့အသိုင်းအဝိုင်းအနေနဲ့ စိတ်ရှည်သည်းခံမှုနဲ့ မတူကွဲပြားခြားနားမှုတွေကို လက်ခံကျင့်သုံးတဲ့တချိန်တည်းမှာပဲ မိမိတို့ရဲ့ ဘုံတူညီတဲ့ လူသားဖြစ်မှု ဆိုတာကို အလေးထားကြဖို့ မစ္စတာဘန်ကီမွန်းက တိုက်တွန်းပါတယ်။

ရွှေ့ပြောင်းနေထိုင်ဖို့ကြိုးစားသူတွေ မကြုံဖူးတဲ့အရေအတွက်နဲ့ များပြားလာတဲ့ပြဿနာနဲ့ ဆီးရီးယားကပဋိပက္ခတွေ၊ အီရတ်၊ ယူကရိန်း၊ တောင်ဆူဒန်၊ ဗဟိုအာဖရိကသမ္မတနိုင်ငံ၊ နိုင်ဂျီးရီးယားနဲ့ ပါကစ္စတန်နိုင်ငံ ဒေသတချို့မှာဖြစ်နေတဲ့ အကျပ်အတည်း အခြေအနေတွေနဲ့ မစ္စတာဘန်က ချိတ်ဆက် ပြောဆိုပါတယ်။

ဒီအဓိပ္ပါယ်ကတော့ ဒီကနေ့ခေတ်လူသား ၁၂၂ ယောက်မှာ ၁ ယောက်ဟာ ဒုက္ခသည်၊ ပြည်တွင်းအိုးအိမ်စွန့်ထွက်ပြေးရသူ ဒါမှမဟုတ် ခိုလှုံခွင့်ရဖို့ ကြိုးစားသူ ဖြစ်နေတယ်လို့ သူကဆိုပါတယ်။ ကုလသမဂ္ဂရဲ့ ကိန်းဂဏန်းတွေအရ ၂၀၁၄ ခုနှစ်အတွင်း တရက်ကို ပျှမ်းမျှခြင်းအားဖြင့် လူပေါင်း ၄၂,၅၀၀ ဟာ ဒုက္ခသည်တွေဖြစ်နေကြပါတယ်။ ဒါဟာ လွန်ခဲ့တဲ့လေးနှစ်အတွင်း လေးဆတိုးလာတာပါ။

ဒါ့အပြင် ပြီးခဲ့တဲ့နှစ်အတွင်း နေအိမ်တွေဆီ ပြန်သွားနိုင်ကြတဲ့ ဒုက္ခသည်အရေအတွက်ဟာလည်း နှစ်ပေါင်း ၃၀ ကျော်အတွင်း အနည်းဆုံးဖြစ်တယ်လို့ မစ္စတာဘန်ကပြောပါတယ်။

XS
SM
MD
LG