သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုက္ခသည်တွေကို မကူညီကြဖို့ ဘင်္ဂလားဒေ့ရှ် ညွန်ကြား


စစ်တွေ ဒုက္ခသည်စခန်းတွင်း ခိုလှုံနေကြည့်သည့် ၅ သောင်းနီးပါး ရှိသော ဒုက္ခသည်များ။
စစ်တွေ ဒုက္ခသည်စခန်းတွင်း ခိုလှုံနေကြည့်သည့် ၅ သောင်းနီးပါး ရှိသော ဒုက္ခသည်များ။
ရခိုင်ပြည်နယ်ထဲမှာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းတွေကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ထွက်ပြေး တိမ်းရှောင်လာတဲ့ ဒုက္ခသည်တွေကို ကူညီထောက်ပံ့မှုတွေ ရပ်ဆိုင်းပစ်ဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရက နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ ကူညီရေးအဖွဲ့တွေကို ပိတ်ပင်လိုက်တယ်လို့ MSF နယ်စည်းမခြား ဆေးပညာရှင် များအဖွဲ့ ပြောခွင့်ရ ဒီဒဲရစ် ဗန် ဟယ်လ်စီမာ (Diderik Van Halsema) က VOA ကို ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် အစိုးရက တားမြစ်စာပေးပို့ခဲ့တဲ့ ဘင်္ဂလားဒေ့ရှ် - မြန်မာ နယ်စပ်တလျှောက်က ဒုက္ခသည်တွေကို အကူအညီတွေ ပေးနေတဲ့ အဖွဲ့အစည်းကြီး ၃ ခုထဲမှာ MSF တဖွဲ့လည်း ပါဝင်ပါတယ်။

MSF အဖွဲ့ရဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကော့ဆက်ဘဇား (Cox’s Bazaar) မှာ ရှိတဲ့ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ အားလုံးကို ရပ်ဆိုင်းပေးဖို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက စာပေးပို့ခဲ့တာမို့ ဒီကိစ္စနဲ့ ပတ်သက်ပြီး အာဏာပိုင်တွေနဲ့ ပြန်ပြီး ညှှိနှိုင်းဆွေးနွေးမှုတွေ လုပ်နေတယ်လို့ MSF ကပြောပါတယ်။

နောက် အဖွဲ့တဖွဲ့ဖြစ်တဲ့ ဗြိတိန်အခြေစိုက် မူဆလင် ထောက်ပံ့ရေးအဖွဲ့ ( Muslim Aid UK ) ကို လည်း ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက အခုလို အကူအညီမပေးဖို့ ပန်ကြားထားပြီး ဒီအဖွဲ့တွေရဲ့ အကူအညီပေးမှုတွေဟာ တဘက်နိုင်ငံက ရိုဟင်ဂျာ ဒုက္ခသည်တွေ ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲ ပိုမို ဝင်ရောက်လာစေဖို့ ဖိတ်ခေါ်သလိုဖြစ်နေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံဘက်က ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို ပစ်မထားဖို့ အမေရိကန်နဲ့ လူ့အခွင့်အရေး အဖွဲ့တွေက ဖိအားတွေ ပေးနေတဲ့ကြားက အခုလို ဘင်္ဂလားဒေ့ရှ်အစိုးရက တားမြစ်ခဲ့တာဖြစ်ပါတယ်။
XS
SM
MD
LG