သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘန်ကောက်ပေါက်ကွဲမှု မသင်္ကာသူတချို့ကို အာဏာပိုင်တွေရှာဖွေ


ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်မှာ ဖြစ်သွားခဲ့တဲ့ ပေါက်ကွဲအမှုအနီးက ရိုက်ယူထားတဲ့ ဗွီဒီယို မှတ်တမ်းတွေထဲမှာပါတဲ့ မသင်္ကာသူတချို့ကို အာဏာပိုင်တွေက အင်္ဂါနေ့မှာ လိုက်လံရှာဖွေနေတယ်လို့ ထိုင်းဝန်ကြီးချုပ် Prayuth Chan-ocha က ပြောပါတယ်။ ပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၂၂ ဦး သေဆုံးပြီး ၁၂၀ လောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တာ ဖြစ်ပါတယ်။ အကြောင်းအမျိုးမျိုးနဲ့ တိုင်းပြည်ကို ဖျက်ဆီးဖို့ ကြိုးစားနေတဲ့သူတွေ ရှိတယ်လို့လည်း ဝန်ကြီးချုပ်က ပြောပါတယ်။

တိုင်းပြည်ကို ဖျက်ဆီးဖို့ နည်းမျိုးစုံနဲ့ ကြိုးစားနေကြတဲ့အထဲ နိုင်ငံရေး ရည်ရွယ်ချက်နဲ့ လုပ်ဆောင်သူ၊ စီးပွားရေးနဲ့ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းကို ပစ်မှတ်ထား လုပ်ဆောင်နေကြကြောင်း၊ အစိုးရအနေနဲ့ ပြစ်မှုကျူးလွန်သူတွေကို တွေ့ရှိအောင် အစွမ်းကုန် ကြိုးစားဆောင်ရွက်ပြီး အမြန်ဆုံး အပြစ်ပေး အရေးယူနိုင်အောင် ဆောင်ရွက်သွားမှာဖြစ်ကြောင်း ရုပ်မြင်သံကြားကတဆင့် တိုင်းပြည်ကို ပြောကြားတဲ့ မိန့်ခွန်းထဲမှာ ဝန်ကြီးချုပ်က ထည့်သွင်း ပြောကြားသွားတာပါ။

တနင်္လာနေ့ညက ပေါက်ကွဲမှု မဖြစ်ခင်လေးမှာ Erawan ဟိန္ဒူဘာသာ ဘုရားရုပ်တု အနီးမှာရှိတဲ့ CCTV နဲ့ ရိုက်ယူထားတဲ့ ဗွီဒီယို မှတ်တမ်းအတွင်းက မသင်္ကာသူ လူပုဂ္ဂိုလ်တဦးကို လိုက်လံ ရှာဖွေနေကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ လူတဦးက အဲဒီ ဟိန္ဒူဘာသာ ဘုရားရုပ်တု အနီးမှာရှိတဲ့ ခုံတန်းလျားပေါ်ကို ကျောပိုးအိတ်ချသွားခဲ့တဲ့ ဗွီဒီယို မှတ်တမ်းကို အာဏာပိုင်တွေက အင်္ဂါနေ့မှာ ထုတ်လွှင့်ပြသခဲ့တာပါ။ အဲဒီလူ ကျောပိုးအိတ် ချသွားပြီး မကြာခင်မှာ ပေါက်ကွဲမှု ဖြစ်သွားခဲ့တာပါ။

အင်္ဂါနေ့တုန်းကလည်း ဘန်ကောက်မြို့က ကူးတို့ဆိပ်ကမ်း အနီးမှာ ပေါက်ကွဲမှုတခု ထပ်မံ ဖြစ်သွားခဲ့ပါတယ်။ ပေါက်ကွဲစေတဲ့ အရာကို တံတားပေါ်က ပစ်ချလိုက်တာမှာ ရေထဲကို မကျခင် ပေါက်ကွဲသွားပြီး ရေတွေ ဖြာထွက်သွားခဲ့ပေမဲ့ ထိခိုက်ဒဏ်ရာရမှုတော့ မရှိခဲ့ဘူးလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ထိုင်းနိုင်ငံအတွင်းမှာ အဲဒီလို ပေါက်ကွဲမှုတွေ ရက်ဆက် ဖြစ်ပေါ်နေတဲ့အတွက် ထိုင်းနိုင်ငံမှာ ရောက်နေကြတဲ့ မြန်မာနိုင်ငံသားတွေ အနေနဲ့ လုံခြုံရေးကို အထူးသတိထားကြဖို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက သတိပေးချက် ထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG