သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘန်ကောက် ဗုံးခွဲတိုက်ခိုက်မှု လူ ၁၈ ဦးသေဆုံး ၁၀၀ ကျော် ဒဏ်ရာရ


ဗုံးပေါက်ကွဲရာ ဘန်ကောက်မြို့လယ်ခေါင်မှာ စစ်ဆေးနေတဲ့ ရဲတပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ-ဇင်လတ်အောင်)
ဗုံးပေါက်ကွဲရာ ဘန်ကောက်မြို့လယ်ခေါင်မှာ စစ်ဆေးနေတဲ့ ရဲတပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ-ဇင်လတ်အောင်)

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်ရဲ့ အချက်အခြာ ကမ္ဘာလှည့်ခရီးသွားတွေနဲ့ စည်ကားတဲ့နေရာမှာ ပေါက်ကွဲမှုတခုဖြစ်ပွားခဲ့တာကြောင့် အနည်းဆုံးလူ ၁၈ ဦးသေဆုံးပြီး အနီးပတ်ဝန်းကျင်တဝိုက်မှာရှိနေသူ ၁၀၀ ကျော်ထိခိုက်ဒဏ်ရာ ရသွားပါတယ်။

တနင်္လာနေ့ညဦးပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုဟာ Erawan ဟိန္ဒူဘာသာ ဘုရားရုပ်တုအနီး Ratchprasong လမ်းဆုံမှာ ဖြစ်ခဲ့တာပါ။

ဒီပေါက်ကွဲမှုဟာ ကြယ်ငါးပွင့် ဟိုတယ်တွေ၊ အဆင့်မြင့်ကုန်တိုက်တွေ၊ ခရီးသွားတွေ၊ ဈေးဝယ်သူတွေနဲ့ စည်ကားနေတဲ့ နရာကို ပစ်မှတ်ထား တိုက်ခိုက်လိုက်တာ ဖြစ်ပါတယ်။ ကားတွေ၊ မော်တော်ဆိုင်ကယ်တွေနဲ့ အသွားအလာရှုပ်ထွေးနေချိန်မှာ ပေါက်ကွဲမှုဖြစ်သွားတာကို လုံခြုံရေး cameras တွေက ရိုက်ကူးထားတဲ့ ဓါတ်ပုံတွေမှာ မြင်တွေ့ရပါတယ်။

Erawan ကျန်းမာရေးဌာနရဲ့ ထုတ်ပြန်ချက်အရ လူပေါင်း ၁၂ ယောက်ဟာ နေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး တခြားလူ ၆ ယောက်က ဆေးရုံမှာ သေဆုံးသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ပေါက်ကွဲမှုဖြစ်ပြီး မကြာခင်ရောက်ရှိသွားတဲ့ VOA သတင်းထောက် Steve Herman က အခင်းဖြစ်ပွားထားတဲ့နေရာမှာ အဝတ်ဖြူနဲ့ ဖုံးအုပ်ထားတဲ့ သေဆုံးသူတွေကို တွေ့ရှိရကြောင်း၊ လူခန္ဓာကိုယ် အပိုင်းအစတွေဟာလည်း လမ်းပေါ်မှာ ပြန့်နှံ့နေကြောင်းပြောပါတယ်။

ထိခိုက်သေဆုံးရသူအများစုဟာ အာရှနိုင်ငံသားတွေ ဖြစ်တယ်လို့ဆိုပါတယ်။ သေဆုံးသူတွေထဲမှာ တရုတ်နိုင်ငံသား သုံးဦးပါဝင်တယ်လို့လည်း ဘန်ကောက်မြို့ တရုတ်သံရုံးကအတည်ပြုခဲ့ပြီး ဒဏ်ရာရသူတွေထဲမှာ တရုတ်နိုင်ငံသား ခရီးသွား ၁၅ ယောက် ပါဝင်တယ်လို့ ရှင်ဟွာ သတင်းဌာနက ပြောပါတယ်။ ဒဏ်ရာရရှိသူတွေထဲမှာ ဟောင်ကောင်ကလည်း ၃ ယောက်ပါဝင်တယ်လို့ ဟောင်ကောင် လူဝင်မှု ကြီးကြပ်ရေး ဌာနကပြောပါတယ်။

ဘန်ကောက် ဗုံးပေါက်ကွဲမှု သတင်းထွက်ပေါ်လာပြီးတဲ့နောက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry က ထိခိုက်မှုခံရသူတွေ အားလုံးအတွက် အလွန်ကို စိတ်ထိခိုက်ရပါကြောင်း ပြောကြားခဲ့ပါတယ်။ ဘန်ကောက်မြို့ အခြေစိုက် အမေရိကန်သံရုံးကလည်း အမေရိကန်နိုင်ငံသားတွေအနေနဲ့ အခင်းဖြစ်ပွားတဲ့နေရာကို မသွားကြဖို့နဲ့ ဒေသခံ မီဒီယာတွေထံကနေ သတင်းတွေကို စောင့်ကြည့် နားထောင်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းကလည်း ဘန်ကောက်မြို့ Erawan ဟိန္ဒူဘုရားရုပ်တုအနီး ပေါက်ကွဲမှုဖြစ်ပွားပြီး အပြစ်မဲ့ ပြည်သူတွေ သေဆုံးခဲ့ရတာသိရတဲ့အတွက် ထိတ်လန့် တုန်လှုပ်မှုဖြစ်ရကြောင်းနဲ့ ထိခိုက်သူတွေ၊ ထိုင်းပြည်သူတွေနဲ့ ထိုင်းအစိုးရကို ဝမ်းနည်းကြောင်း ပြောဆိုလိုက်တယ်လို့ ကုလအတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရသူက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

XS
SM
MD
LG