ထိုင်းနိုင်ငံက မြို့ပြအိမ်ယာတွေမှာ မြွေတွေ ဝင်ရောက်မှု အတော်လေးများလာတဲ့ ပြဿနာအသစ်ကို ဘန်ကောက်က မီးသတ်သမားတွေ ကြုံတွေ့နေရတယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။
၂၀၁၃ ခုနှစ်တုန်းက အိမ်တွေထဲ မြွေဝင်လို့ ဖမ်းမိတဲ့အမှုက ၁၆,၀၀၀ လောက်ရှိရာကနေ အခု ၂၀၁၆ မှာ ၂ သောင်း ၉ ထောင်အထိ ရှိလာခဲ့တယ်လို့ ဘန်ကောက် အရာရှိတွေက AP သတင်းဌာနကို ပြောပါတယ်။ အခု ၂၀၁၇ ပထမနှစ်ဝက်မှာတင် မနှစ်ကထက် ၃၀ % ကျော် တိုးလာခဲ့တာ ဖြစ်ပါတယ်။
မြွေ ပြဿနာ သိပ်ဆိုးလာတာနဲ့ အမျှ မီးသတ်ဌာနတွေဟာ မီးသတ်ရတာထက် မြွေ ဖမ်းဖို့ ခေါ်တာက ပိုများလာတာမို့ မီးသတ်သမားတွေအတွက် မြွေကို ကိုင်တွယ်ဖမ်းချုပ်နည်း သင်တန်းပေးဖို့ လိုအပ်လာတယ်လို့ သတင်းမှာ ဖေါ်ပြထားပါတယ်။
အခုလို မြွေ တွေ ပေါလာတာဟာ ဘန်ကောက်မှာ စွန့်ပစ်အမှိုက် ပြဿနာကြောင့် ဖြစ်တယ်လို့ ထိုင်းအမျိုးသား ဥယာဉ်များဆိုင်ရာဌာနက တိရိစ္ဆာန် ဆေးကု ဆရာဝန် Piya Saereerak ကပြောပါတယ်။အမှိုက်ပုံတွေ တနေ့တခြား ပိုများလာတဲ့အခါ ကြွက်နဲ့ ငှက်တွေ ကျက်စားကြရာကနေ သူတို့ကို ကြိုက်နှစ်သက်စွာ စားသုံးတဲ့ မြွေလည်း ပိုပေါလာတာ ဖြစ်ပါတယ်။
တကယ်လို့ ဘန်ကောက်မြို့သူ မြို့သားတွေအနေနဲ့ အမှိုက်ပြဿနာကို ကောင်းကောင်း ကိုင်တွယ်ကြမယ်ဆိုရင် ကြွက်တွေလည်း နည်းလာမှာဖြစ်သလို မြွေလည်း နည်းလာမယ်လို့ ပြောပါတယ်။
ဒါ့ကြောင့် ဘန်ကောက်မြို့ခံတွေနဲ့ ဘန်ကောက်တမြို့လုံး သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ် ဖြစ်အောင်နေကြဖို့လည်း အကြံပေးပါတယ်။ ဘန်ကောက်မြို့ပေါ်မှာတွေ့ရတဲ့ မြွေ အများစုဟာ အဆိပ်မရှိတာကိုလည်း တွေ့တယ်လို့ ဆိုပါတယ်။