ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်က မိုးကြီးပြီးရေလျှံနေတဲ့ ကျောက်ဖယားမြစ်ရဲ့ရေအမှတ်ဟာ ဒီကနေ့ အမြင့်ဆုံးကိုရောက်ရှိပြီး ရပ်တန့်သွားတာကြောင့် ဘန်ကောက်မြို့လယ်ခေါင်ဟာ ရေဘေးကနေ လွတ်လိမ့်မယ်လို့ မျှော်လင့်ချက်တွေ မြင့်တက်လာနေပါတယ်။ ဘန်ကောက်မြို့ရဲ့ အနောက်ဘက်နဲ့ မြောက်ဘက်က ရပ်ကွက်တွေ မှာတော့ ရေတွေနစ်မြှုပ်နေဆဲဖြစ်ပါတယ်။
ထိုင်းအစိုးရနေတဲ့ မြို့တော်ရဲ့ရေဘေးကာကွယ်မှု အတားအဆီးချထားမှုတွေထဲက ယိုစိမ့် ပေါက်ထွက်နေတဲ့ ရေမြောင်းနေရာတွေကို ပြင်ဆင်မွမ်းမံရေး အာရုံစိုက်လုပ်ဆောင်သွားမယ်လို့ ၀န်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်က ပြောဆိုလိုက်ပါတယ်။ ဒါတွေကို ပြင်ဆင်ပြီးသွားရင် ဘန်ကောက်မြို့သူမြို့သားတွေ ရေဘေးအတွက် မစိုးရိမ်ရတော့ဘဲ စပြီး စိတ်ချလက်ချ နေနိုင်တော့မှာဖြစ်တယ်လို့လည်း ၀န်ကြီးချုပ် ယင်းလပ်က ဆိုပါတယ်။
ဒါပေမဲ့ ရေဘေး အကာအကွယ် အတားအဆီးတွေရဲ့အပြင်ဘက် ရပ်ကွက်တွေမှာ နေထိုင်နေကြသူတွေကတော့ ရေတွေဟာ သူတို့ရဲ့လမ်းတွေ အိမ်တွေထဲကို ဆက်ပြီးစီးဝင်နေတာကြောင့် စိတ်ပျက်လက်ပျက်ဖြစ်နေကြပါတယ်။