ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ် (Bangkok Post) နဲ့ သည်နေးရှင်း (The Nation) သတင်းစာတွေကို ဇွန်လ ၁ ရက်နေ့ကစပြီး မြန်မာနိုင်ငံမှာ ဖြန်ချိတော့မှာဖြစ်ပြီး မဖြန့်ချိခင် အဲဒီသတင်းစာတွေထဲမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ သတင်းတွေ ပါဝင်လာရင် စိစစ်ဖို့ စာပေစိစစ်ရေးကို အရင် တင်ပြရမှာ ဖြစ်ပါတယ်။ အကြောင်းစုံကို စုံစမ်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က တင်ပြထားပါတယ်။
မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို အလေးထား ဖော်ပြတဲ့ နေ့စဉ်ထုတ် သတင်းစာတွေဖြစ်တဲ့ Bangkok Post နဲ့ The Nation သတင်းစာတွေကို Success International Publisher's Distributor ကုမ္ပဏီက ဖြန့်ချိခွင့် ရထားတာ ဖြစ်ပါတယ်။ ကုမ္ပဏီပိုင်ရှင် ဦးမျိုးအောင်က စာဖတ်ပရိသတ် အကန့်အသတ်ပဲ ရှိသေးတယ်လို့ ဆိုပါတယ်။
“အခု ကျနော် ဘန်ကောက်ပို့စ်နဲ့ နေးရှင်းကို ဇွန် ၁ ရက်နေ့ဆို စသွင်းပြီ။ Mostly ကျနော့် Customers က ဘယ်သူတွေလဲဆိုတော့ Diplomat၊ ဟိုတယ်ကြီးတွေ၊ နောက် မြန်မာပြည်က စီးပွားရေး လုပ်ငန်းရှင်တွေ၊ ဌာနဆိုင်ရာ ၀န်ကြီးတွေ၊ အရေးကြီး ဌာနဆိုင်ရာတချို့ ကျနော်တို့ဆီက ယူတယ်၊ နောက် Local Businessmen တွေ ကျနော်တို့ဆီက မှာတာ ရှိပါတယ်။ ဒါကတော့ ကျနော်တို့ရဲ့ Target market တွေပေါ့။”
လောလောဆယ်တော့ သတင်းစာတစောင်ကို ကျပ် ၂,၀၀၀ နဲ့ ၂,၅၀၀ ဈေးသတ်မှတ်ထားပြီး သတင်းစာ တမျိုးစီကို စောင်ရေ ၂၀ စီ စသွင်းမှာ ဖြစ်ပါတယ်။ ဒီကုမ္ပဏီဟာ စင်ကာပူထုတ် Straits Times နဲ့ Business Time အပါဝင် နိုင်ငံတကာ သတင်းစာ တချို့ကို ၁၉၉၄ ခုနှစ်ကတည်းက တင်သွင်းလာခဲ့တာပါ။
စာပေစိစစ်ရေး မူဝါဒဟာ အရင်ကလောက် မတင်းကျပ်တာကြောင့် စာဖတ်သူလက်ထဲ အချိန်မီ ရောက်နိုင်မယ်လို့လည်း ဦးမျိုးအောင်က ယုံကြည်နေပါတယ်။
“ဒါကတော့ ဒီနိုင်ငံရဲ့ Rule နဲ့ Regulation ပေါ့နော်။ ကျနော်တို့က ဒီပစ္စည်း သွင်းလာရင်တော့ ဒီက Rule အတိုင်း စာပေစိစစ်ရေးနဲ့ မှတ်ပုံတင် ဌာနခွဲရဲ့ စိစစ်မှုကိုတော့ ခံယူရမယ်ပေါ့။ ဒါပေမဲ့ အဲဒီဌာနတွေကလည်း ဒါတွေကို အရမ်းမြန်ပါတယ်။ within one hour လောက်မှာတင် ဒီကိစ္စကို ပြတ်အောင် ဖြတ်ပေးတယ်ခင်ဗျ။ ကျနော် ပရိသတ်ကို quotation ပို့တဲ့ထဲမှာကို တခါတည်း ရေးထားပါတယ်။
“ရှင်းရှင်းပြောရရင် ကျနော်တို့ နိုင်ငံခြားသတင်းစာ စသွင်းလာကတည်းက မြန်မာပြည်နဲ့ ပတ်သက်တဲ့ သတင်းဆိုရင်တော့ ခွင့်ပြုတာပဲ ဝေလို့ရတယ်၊ ခွင့်မပြုရင်တော့ ဝေလို့မရဘူး။ ဒါပေမဲ့ ဒီဘက်ပိုင်းမှာ ကျနော် ဆင်ဆာထိတာ တရက်မှ မရှိသေးပါဘူး။”
သတင်းစာတွေ ဆင်ဆာတင်ရမှုအပေါ် ၀ါရင့် သတင်းစာဆရာ မောင်ဝံသရဲ့ အမြင်က အခုလိုပါ။
“ကျနော်ထင်တယ်၊ စာပေစိစစ်ရေး သို့မဟုတ် ကြားခံတခုခုကိုတော့ ဖြတ်သန်းရလိမ့်မယ်။ သိပ်အကြာကြီး မဟုတ်တာတောင် ဖြတ်သန်းရတာတခု ရှိလိမ့်မယ်လို့ ကျနော်ထင်တယ်။ ဘာလို့လဲဆိုတော့ အခု ခေတ်ကြီးက ပြည်တွင်း စာနယ်ဇင်းတွေလည်း ဒီအတိုင်းပဲ ဖြတ်သန်းရတယ်။ အဲဒီတော့ ကျနော်တို့ကတော့ ပလက်ဖောင်း အေးဂျင့်တွေပဲ အားကိုးနေရတယ်။ ပလက်ဖောင်းမှာတော့ ဘာမှ ဆင်ဆာတော့ မရှိဘူး၊ ဒီလိုပဲ သွင်းကြတာ။”
မြန်မာအစိုးရသစ်ဟာ ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းကစပြီး အနုပညာ၊ သုတရသ အစရှိတဲ့ ဂျာနယ် မဂ္ဂဇင်း တချို့ကို စိစစ်ရေး တင်စရာ မလိုတော့ဘူးလို့ ထုတ်ပြန်ခဲ့ပြီး အဲဒီအထဲ သတင်းနဲ့ နိုင်ငံရေး အမျိုးအစား ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေတော့ မပါပါဘူး။ ပြင်သစ်အခြေစိုက် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) နဲ့ အမေရိကန် အခြေစိုက် CPJ သတင်းသမား ကာကွယ်ရေး ကော်မတီတို့က မြန်မာနိုင်ငံကို သတင်းမီဒီယာ လွတ်လပ်ခွင့် နိမ့်ကျတဲ့နိုင်ငံအဖြစ် သတ်မှတ်ထားပါတယ်။